ရခိုင်တွင် အင်ဒိုနီးရှားကျန်းမာရေးစင်တာ တည်ဆောက်မည်

ရခိုင်တွင် အင်ဒိုနီးရှားကျန်းမာရေးစင်တာ တည်ဆောက်မည်

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် ။ ။ ရခိုင်ပြည်နယ်တွင် အင်ဒိုနီးရှားကျန်းမာရေးစင်တာတစ်ခု ဖွင့်လှစ်ရန် ရှိရာ MER-C Indonesia က တည်ဆောက်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိနေပြီဖြစ်သည်။

"ရခိုင်ပြည်နယ်အစိုးရလည်း မြောက်ဦးဒေသမှာ ဒီကျန်းမာရေးစင်တာအတွက် မြေနေရာ သတ်မှတ်ချပေးပြီး ဖြစ်ပါတယ်။" ဟု မြန်မာနိုင်ငံဆိုင်ရာ MER-C အဖွဲ့ ၃ ဥက္ကဌဖြစ်သူ ဒေါက်တာ ဂျိုဆာရီဇယ်ဂျုနေးက မကြာသေးမီက ပြောခဲ့သည်။

မြန်မာအစိုးရကလည်း အဆိုပါ ကျန်းမာရေးစင်တာစီမံကိန်းတွင် ကူညီပေးလျက်ရှိသည်။

သြဂုတ် ၂၈ ရက်က MER-C (Medical Emergency Rescue Committee) အဖွဲ့သည် ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံးအကူအညီဖြင့် စစ်တွေမှတစ်ဆင့် မင်းပြားသို့ ရောက်ရှိခဲ့သည်။

မင်းပြားတွင် အင်ဒိုနီးရှားအစိုးရ တည်ဆောက်ပေးခဲ့သည့် ဗုဒ္ဓဘာသာများအတွက် စာသင်ကျောင်းနှင့် မွတ်စလင်များအတွက် စာသင်ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ တစ်ကျောင်းနှင့် တစ်ကျောင်းအကြား မီတာ ၅၀၀ သာကွာခြားသည်။

ဖေဖော်ဝါရီလအတွင်းကလည်း MER-C အဖွဲ့က ကျောင်းများအတွက် အထောက်အကူဖြစ်စေရန် ဂျင်နရေတာနှစ်လုံးကို လှုဒါန်းခဲ့သည်။

မင်းပြားသို့ အဖွဲ့ရောက်ရှိစဉ် ရေဘေးကြောင့် အခြေအနေများဆိုးဝါးကြုံတွေ့နေမှုကိုလည်း မြင်တွေ့ခဲ့ကြရသည်။

ယခုတည်ဆောက်မည့် ကျန်းမာရေးစင်တာသည် မွတ်စလင် ၆၅၀ ခန့်ရှိသည့် ရွာနှင့် ဗုဒ္ဓဘာသာများ ၁၇၀၀ ကျော်နေထိုင်သည့် ရွာနှစ်ကြားတွင် တည်ရှိပြီး စတုရန်းမီတာ ၄၀၀၀ အကျယ်အဝန်းရှိသည်။

အဆိုပါ နိုင်ငံပိုင်မြေနေရာအတွက် ဒေသခံလယ်သမားများကို လျော်ကြေးအဖြစ် အင်ဒိနီးရှားငွေ ရူပီး ၁၇ ဒသမ ၆ သန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုကျန်းမာရေးစင်တာ တည်ဆောက်ရေး ကုန်ကျစရိတ်အဖြစ် ရူပီး သုံး ဘီလီယံ ကုန်ကျခံမည် ခန့်မှန်းထားသည်။ အဆိုပါအဖွဲ့သည် အစောပိုင်းကလည်း စစ်တွေမြို့အတွက် အရေးပေါ်လူနာတင်ယာဉ်တစ်စင်း ပေးအပ်လှုဒါန်းခဲ့သည်။

MER-C အဖွဲ့ကို ၁၉၉၉ ခု သြဂုတ်လတွင် ဂျာကာတာမြို့၌ အင်းဒိုနီးရှားတက္ကသိုလ်ကျောင်းသားများက စတင်ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်များထဲတွင် စစ်ပွဲများကြောင့် ထိခိုက်သူများ၊ သဘာဝဘေးအန္တရာယ်ခံရသူများကို
ဆေးကုသမှုပေးရန်လည်းပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly