သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ကမူဆလင်ဟု ပြောင်းလဲ ခေါ်ဆိုခြင်းကြောင့် ပြဿဿ နာ မပြေလည်နိုင်


ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင်များကို ၂၀၁၂ခုနှစ် အောက်တိုဘာလ ကတွေ့ရစဉ်။ (AP Photo/Khin Maung Win)
ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင်များကို ၂၀၁၂ခုနှစ် အောက်တိုဘာလ ကတွေ့ရစဉ်။ (AP Photo/Khin Maung Win)

လူမှု အသိုင်းအဝိုင်း နှစ်ဘက်ကြား အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့ “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအဝိုင်း”လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာအစိုးရက ကုလသမဂ္ဂမှာ တရားဝင် ပြောကြား လိုက်တာဟာ ပြဿနာကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်း နိုင်မယ့် နည်းလမ်း မဟုတ်ဘူး လို့ နှစ်ဘက် အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက တင်းမာနေဆဲ ဘာသာရေး အသွင်ဆောင် လူမျိုးရေး ပဋိပက္ခတွေဖြစ်ရတာဟာ အခွင့်အရေး တန်းတူမရတဲ့ မညီမျှမှုတွေနဲ့ အခြေခံလူ့အခွင့်အရေး ဆုံးရှုံးမှုတွေကြောင့် ဖြစ်တယ်လို့လည်း ထောက်ပြကြပါတယ်။ အပြည့်အစုံ မဆုမွန် က စုစည်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်း မတူညီတဲ့ လူမှုအသိုင်းအဝိုင်း နှစ်ခုအကြား နာမည် အသုံးအနှုန်း ကွဲပြားမှုတွေကြောင့် ပိုပြီးတော့မှ အခြေအနေ မဆိုးရွားရလေအောင် “ရခိုင်ပြည်နယ်က မူဆလင်တွေ” လို့ သုံးနှုန်း ပြောဆို ကြဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မနေ့ သောကြာနေ့က ပထမဆုံး အကြိမ် တရားဝင် ပြောကြားလိုက်တာပါ။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ အဓိက ဖြစ်ပေါ်စေတာဟာ ဘာသာရေး အခြေခံ ဝါဒီ ကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သုံးနှုံးပြောဆိုခဲ့တဲ့ အပေါ်မှာ မြန်မာအစိုးရ ကိုယ်စားလှယ်ဘက်က တုန့်ပြန် ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။
ဂျနီဗာမှာ ကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်း ဆွေးနွေးစဉ်။

အခုလိုမျိုး ရိုဟင်ဂျာလို့မသုံးပဲ ရခိုင်ပြည်နယ်က မူဆလင်တွေလို့ နာမည် ပြောင်းသုံးပါလို့ မြန်မာ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို ပြောလိုက်ရုံနဲ့လည်း တကယ် ဖြစ်နေတဲ့ ပြဿနာတွေ ဟာ ပြေလည်သွားမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားသူ မဝေဝေနုက ထောက်ပြပါတယ်။

“သူတို့တွေရဲ့ နာမည်နဲ့ identity ကို အသိအမှတ်ပြုပေးဖို့ လိုပါတယ်။ အဲဒီလို အသိအမှတ်မပြုပဲနဲ့ နာမည်ကို ငြင်းပယ်ခြင်းဟာ သူတို့ရဲ့ ရပ်တည်ချက် အခြေခံ အခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ငြင်းပယ်တာနဲ့ အတူတူပဲ။ အဲဒီလို ငြင်းပယ်ခြင်း အားဖြင့် မှန်ကန်တဲ့ အဖြေတစ်ခု ရလိမ့်မယ်လို့ မထင်ပါဘူး။ ရခိုင်ပြည်နယ်က မွတ်စလင်တွေလို့ သုံးတော့ ဒါဟာ အရမ်းကို broad ဖြစ်ပါတယ်။ အရမ်း generalize ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ မွတ်စလင် လူမျိုးစုတွေ အများကြီး ရှိပါတယ်။ ဒီလို ပြောလိုက်ခြင်းဖြင့် အဖြေ ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်မှု မရှိပါဘူး။ အဓိကကတော့ ရေရှည်အတွက်မှန်တဲ့ အဖြေကို ဒီမိုကရေစီ မူဝါဒတွေ၊ လူ့အခွင့်အရေးရဲ့ စံနှုန်းတွေ အပေါ်မှာ ရပ်တည်ပြီးတော့ အစိုးရက ရဲရဲဝံ့ဝံ့နဲ့ လူနည်းစုတွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ လိုမယ်လို့ ထင်ပါတယ်။ ”

လူမှု အသိုင်းအဝိုင်း နှစ်ဘက်ကြား အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရအောင် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းဝိုင်းလို့ သုံးပါလို့ ဆိုရုံနဲ့တော့ နှစ်ရှည် လများ ဖြစ်တည်နေတဲ့ ပြဿနာတခုကို ရေတိုနည်းလမ်းနဲ့ မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ဘူး ဆိုတာကိုလည်း ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောခင်တင့် ဒေါ်စောခင်တင့်က သုံးသပ်ပါတယ်။

“အဲဒီလို တစ်ဖက်သက်ရှောင်ထွက်လို့ကတော့ ပြဿနာ ပြေလည်စရာ အကြောင်းမရှိဘူး။ ဒီ တစ်ဖက်နိုင်ငံက ကူးလာတဲ့ လူမျိုးဖြစ်တယ်ဆိုတာ အန်တီတို့ ရခိုင်ဘက်က အခိုင်အမာ သက်သေ၊ သမိုင်း သက်သေ အကုန် ပြလို့ရတယ်။ အဲဒီလို ကူးလာတဲ့ လူမျိုးတွေ အပေါ်မှာ၊ ဟုတ်ပြီ။ ဒီ ၁၉၈၂ ဥပဒေအရ သူတို့တွေ ကို နိုင်ငံသားအဖြစ် ဘယ်လောက် ပေးနိုင်မလဲ။ ဒါကိုပဲ အစိုးရက လုပ်စေချင်တယ်။ အန်တီတို့က။ သူတို့တွေဟာ တစ်ဖက်နိုင်ငံက လာတဲ့ ဘင်္ဂါလီတွေ ပဲ။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေ ဖြစ်တယ်။ ဒါကိုတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး။ သမိုင်းအရလည်း ငြင်းလို့ မရဘူး။ အဲတော့ ငြင်းလို့မရတဲ့ ဟာကို ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်များဆိုတော့ ရခိုင်ပြည်နယ်မှာ ရောက်နေတဲ့ မွတ်စလင်တွေဟာ နဂိုကတည်းက ရောက်နေတဲ့ မွတ်စလင်တွေ မဟုတ်ဘူး။ သူတို့တွေဟာ ဒီဘင်္ဂလားဒေ့ရှ် ဘက်က ကျွန်မတို့ ဘက်ကို ကူးလာတဲ့ မွတ်စလင်တွေပါ။ အဲတော့ ဘင်္ဂလားဒေ့ရှ် က လာတဲ့ ဘင်္ဂါလီတွေဆိုတာ ကျွန်မတို့မှာ သမိုင်းသက်သေ အကုန်လုံး ရှိရဲ့သားနဲ့ ဒါကို ဘင်္ဂါလီလို့ ခေါ်လို့ မရဘူးဆိုရင် ဘယ်လိုမှ မှန်ကန်မှု မရှိဘူး။ ”

မြန်မာနိုင်ငံမှာ လူနည်းစု ရိုဟင်ဂျာတွေ အဖိနှိပ်ခံနေရတာဟာ ဘာသာရေး အခြေခံဝါဒီ တခုတည်းကြောင့်မဟုတ်ပဲ အခြေခံ လူသား အခွင့်အရေး တန်းတူညီမျှမရပဲ ရပ်တည်မှု ဆုံးရှုံးမှုတွေနဲ့ နှစ်ရှည်လများ ရင်ဆိုင် နေရတာကြောင့်ဖြစ်တယ်လို့ မဝေဝေနုက ပြောဆို လိုက်ပါတယ်။

“မမျှတမှုနဲ့ ခွဲခြား ဆက်ဆံမှု၊ ဒီ ဖိနှိပ်မှုတွေပေါ့နော်။ ဗိုလ်ချုပ် ဦးနေဝင်း လက်ထက် ကတည်းက ဒီလိုမျိုး လူမျိုးစုတွေ အပေါ်မှာ၊ လူနည်းစုတွေ အပေါ်မှာ၊ တိုင်းရင်းသားလူမျိုးတွေ အပေါ်မှာ ဖိနှိပ်လာတဲ့၊ ဒီလိုမျိုး ကျင့်သုံးလာတဲ့ ခွဲခြား ဆက်ဆံတဲ့ မူဝါဒတွေနဲ့၊ ဖိနှိပ်မှုတွေကနေ အခြေခံပြီး ဖြစ်လာတာလို့ ကျွန်မပြောချင်ပါတယ်။ အဲဒီကနေပြီး သူတို့တွေရဲ့ အခြေခံ အခွင့်အရေးတွေ လုံးဝကို ရုတ်သိမ်း ခံရတယ်။ နိုင်ငံသား ဥပဒေတွေ ပြဒါန်းတယ်။ တိုင်းရင်းသား စာရင်းတွေ ပြဒါန်းတယ်။ အဲဒီကနေမှ ဒီလူတွေရဲ့ အခွင့်အရေးတွေ အားလုံး ဆုံးရှုံးသွားတဲ့အထိ ပြုမူလာခဲ့တဲ့ အကျိုးဆက်တွေရဲ့ ရလဒ်ကို တွေ့ကြုံနေရတယ် လို့ ကျွန်မ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်တွင်းက ဘာသာရေး အသွင်ဆောင် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ရတာ ဟာ ဘာသာရေး အခြေခံဝါဒီကြောင့် ဖြစ်ရတယ် ဆိုတဲ့အပေါ် ရခိုင် အမျိုးသမီး အဖွဲ့ ဒု ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်စောခင်တင့်ကတော့ လက်မခံပါဘူး။ ရခိုင်ပြည်နယ် တွင်း ဖြစ်နေတဲ့ တကယ့် ပြဿနာ အရင်းမြစ်ကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက သမိုင်းကြောင်းနဲ့တကွ စနစ်တကျ လာရောက် လေ့လာ သုံးသပ် စေချင်ပါတယ် လို့လည်း ဒေါ်စောခင်တင့်က ပြောပါတယ်။

“ကျွန်မတို့ရဲ့ ရခိုင်ဒေသမှာ ရှိတဲ့ ဒီ လူမျိုး နှစ်လုံးပေါ်မှာ တကယ့်ကို ထဲထဲ ဝင်ဝင် ကြည့်မယ်ဆိုရင် ကျွန်မတို့က သူတို့ကို ဖိနှိပ်နေတာ မဟုတ်ဘူး။ သူတို့တွေက အင်အားများစွာနဲ့ ကျွန်မတို့ ရခိုင်တွေကို မနေနိုင်အောင် ဖိနှိပ်နေတာ ပါ။ ဒါဟာ တကယ်ကို ပြောင်းပြန် ကြီး ဖြစ်နေတာကို ကမ္ဘာကြီးက အသေအချာ မမြင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တကယ့် နှိုက်နှိုက်ချွတ်ချွတ် သိချင်တယ်ဆိုရင် ကျွန်မတို့ လို့ လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ တကယ်လိုက်ပြီးတော့ စုံစမ်းကြည့်ပါလို့။ ဒါကို ကျွန်မ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ ဒေသခံပြည်သူများ။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ ဒေသခံပြည်သူများ။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်နေတဲ့ လူမှုအသိုင်းအဝိုင်း နှစ်ဘက်ကြား နာမည် အသုံးအနှုန်းကြောင့် အခြေအနေတွေ ပိုပြီး ဆိုးရွားမသွားရအောင် NLD အစိုးရ အနေနဲ့ ကြိုးစား ကိုင်တွယ်သွားမှာ ဖြစ်တယ် ဆိုတာကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့လက ပြောဆို ခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဘယ်လို အမည်နဲ့ သုံးနှုန်းခေါ်ဆိုရမလဲ ဆိုတာ မြန်မာအစိုးရဘက်က ကုလသမဂ္ဂမှာ မနေ့က တရားဝင် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ မမှန်ကန်တဲ့ နာမည်တွေပေးပြီး သုံးနှုန်းပြောဆို သွားတာကို မြန်မာအစိုးရက ထောက်ခံမှာ မဟုတ်ကြောင်းနဲ့ အဲဒီလို မှန်ကန်မှု မရှိတဲ့ အမည်တွေ သုံးခြင်းအားဖြင့် အခြေအနေတွေကို ပိုပြီး ဆိုးရွား စေကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက တုန့်ပြန် ပြောဆိုခဲ့သလို မြန်မာနိုင်ငံမှာ Buddhist Fundamentalist လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ အခြေခံဝါဒီ ဆိုတာမျိုး မရှိကြောင်း ငြင်းဆိုသွားခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG