သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ကန်အမတ်တွေ တောင်းဆိုမှု မြန်မာအစိုးရတုံ့ပြန်


အမေရိကန် အောက်လွှတ်တော် အမတ်တွေက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့်
ပေးဖို့ မြန်မာအစိုးရအပေါ် တောင်းဆိုတာဟာ မြန်မာပြည်ရဲ့ နောက်ခံ နိုင်ငံရေးသမိုင်းကို တိတိကျကျ လေ့လာမှုမရှိဘဲ ပြောဆိုတာသာ ဖြစ်တယ်လို့ မြန်မာ အစိုးရရဲ့ ပြောခွင့်ရသူက တုံ့ပြန်လိုက်ပါတယ်။

ဒီအရေးကိစ္စဟာ မြန်မာပြည်ရဲ့ ပြည်တွင်းရေး ကိစ္စဖြစ်တာကြောင့် ပြင်ပက ဖိအားပေး ဆောင်ရွက်တာမျိုးကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ် သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရက ဘင်္ဂါလီ လို့ ခေါ်ဆိုသုံးစွဲနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက အစ္စလာမ် ဘာသာဝင်တွေကို တိုင်းရင်းသားအဖြစ် ချက်ချင်း အသိအမှတ်ပြုပြီး နိုင်ငံသားအဆင့် ပေးဖို့အတွက် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ဆက်ဆံရေးကော်မတီ ကြားနားပွဲမှာ အင်္ဂါနေ့က ဆွေးနွေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုအပေါ်မှာတော့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို တုံ့ပြန် ပြောဆိုပါတယ်။

“အဲ့ဒီမှာ ပြဿနာက တိုင်းရင်းသား လူနည်းစုဆိုတဲ့ ကိစ္စနဲ့ နိုင်ငံသားဖြစ်မှုဆိုတဲ့ ကိစ္စနှစ်ခုကို လာပေါင်းလို့ မရဘူး။ ၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့ ကိုက်ညီတဲ့ ဘင်္ဂါလီ မှန်သမျှ နိုင်ငံသားဖြစ်ခွင့်အတွက် ဆောင်ရွက်ပေးမယ်ဆိုတာ ကျနော်တို့က အမြဲတမ်း ပြောခဲ့ပြီးသားပဲ။ တိုင်းရင်းသားဖြစ်ခွင့်ဆိုတာက ဗြိတိသျှလက်ထက်မှာ သန်းခေါင်စာရင်း ကောက်ကတည်းကိုက သူတို့ကို တိုင်းရင်းသားအဖြစ် သတ်မှတ်ခဲ့တာ မဟုတ်ဘူး။ အဲ့ဒီစကားလုံးဆိုတာလည်း ဒါ ၁၉၅၀ လောက်ကမှ စပြီး ပေါ်လာတဲ့ စကားလုံးကြီး။ အဲ့ဒီနှစ်ခုကို ခွဲခွဲခြားခြား နားမလည်ဘဲနဲ့ ပေါင်းပြီးတော့ ထည့်တာတော့ သူတို့ဟာသူတို့ ဒီ ပြည်တွင်းနိုင်ငံရေးအရ lobby group တွေရဲ့ အလိုကျ လိုက်လုပ်တာလို့ပဲ ပြောရမှာပဲ။ ကျနော်တို့ကတော့ ဘာမှ အလေးထားပြီး လိုက်လုပ်ပေးစရာ မလိုပါဘူး။ အမေရိကန်က လွှတ်တော်အမတ်တွေက သူများနိုင်ငံရဲ့အကြောင်းကို ပြောမယ်ဆိုရင် အဲ့ဒီနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေရဲ့ နောက်ကြောင်းတို့၊ အကြောင်းရင်းခံတို့ကို တိတိကျကျ လေ့လာပြီးမှ ပြောသင့်တာပေါ့ဗျာ။”

အမေရိကန် အောက်လွှတ်တော်အမတ်တွေက ရိုဟင်ဂျာ မူဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ပြုမူဆက်ဆံတာတွေ တိုးတက်အောင်မလုပ်ရင်
မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ဟာ ပြည့်မီမှာမဟုတ်ကြောင်းနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ နိုင်ငံတကာက လိုအပ်တဲ့ နည်းလမ်းတွေသုံးပြီး ဖိအားပေး ဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒီအပေါ်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“နိုင်ငံတကာက ဖိအားပေးလို့လည်း မရပါဘူး။ ဒါ ကျနော်တို့ရဲ့ ပြည်တွင်းရေး ကိစ္စပဲ။ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ကိစ္စပဲ။ အမေရိကန်နိုင်ငံမှာ လုပ်နေတဲ့ လူဝင်မှုကြီးကြပ်ရေး ပြဿနာကို ကျနော်တို့က ဖိအားပေးလို့ မရသလို၊ ကျနော်တို့နိုင်ငံက လူဝင်မှုကြီးကြပ်ရေး ပြဿနာ၊ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ပြဿနာကို ဘယ်သူကမှ လာပြီးတော့ ဖိအားပေးလို့ မရပါဘူး။ ကျနော်တို့မှာ လူ့အခွင့်အရေးနဲ့ မညီလို့ အကြံပြုချင်တယ်ဆိုရင်တော့
ပြုလို့ရမယ်။ ဒါလောက်ပဲ။”

ရန်ကုန်တိုင်းဒေသကြီးက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကတော့ ပထဝီနိုင်ငံရေးအရ မြန်မာပြည်ရဲ့ တိုင်းရင်းသားအရေးဟာ အရေးကြီးကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုး ၈ မျိုးရှိတယ်။ အဲ့ဒီရဲ့အောက်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်။ အဲ့ဒီထဲမှာ ရိုဟင်ဂျာဆိုတာလည်း မရှိဘူး။ ရိုဟင်ဂျာဆိုတာ ပါလည်းမပါဘူး။ ကျနော်တို့နိုင်ငံရဲ့ ပထဝီဝင် အနေအထားအရ အနောက်ဘက်မှာ ဧရိယာမိုင်အားဖြင့် မကွေးတိုင်းသာသာလောက်ပဲရှိတယ်။ လူဦးရေက သန်း ၁၆၀ ကျော်နေပြီ။ population က အရမ်းကို ကြီးထွားနေတယ်။ ပြီးတော့ အဲ့ဒီအထက်မှာ အိန္ဒိယရှိတယ်။ သန်း ၁၃,၀၀ ကျော်နေပြီ။ အရှေ့ဘက်မှာ တရုတ်နိုင်ငံရှိတယ်။ တရုတ်နိုင်ငံက သန်း ၁၆,၀၀ ကျော်ရှိတယ်။ အဲဒီလိုမျိုး လူဦးရေများပြားလွန်းတဲ့ နိုင်ငံကြီးတွေကြား ထဲမှာနေတဲ့ ကျနော်တို့ နိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးတွေအရေးဟာ သိပ်ကို အရေးကြီးတယ်။ တနိုင်ငံနဲ့တနိုင်ငံ ပထဝီ နိုင်ငံရေးမတူဘဲနဲ့ သူတို့က ဒါမျိုး သေချာ မလေ့လာဘဲနဲ့ ဒါမျိုး မလုပ်သင့်ဘူးလို့ ကျနော် မြင်ပါတယ်။
နောက်တခုက ဒါဟာ တနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို တနိုင်ငံက ဝင်ရောက် စွက်ဖက်တာဖြစ်နေတယ်။”

ဘူးသီးတောင်၊ မောင်တော မူဆလင်ဒေသခံတွေကို အခြေခံထားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီရဲ့ အတွင်းရေးမှူး ဦးကျော်စိုးအောင်ကတော့ သူတို့တွေဟာ မြန်မာပြည် လွတ်လပ်ရေးရပြီး ၁၉၄၇ ဥပဒေရေးဆွဲစဉ်ကတည်းက တိုင်းရင်းသားအဖြစ် ပါဝင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ ခေါ်တဲ့နေရာမှာ တိုင်းရင်းသားလူမျိုးတွေနဲ့အတူတူ ကျနော်တို့ ရိုဟင်ဂျာဒေသကို ကိုယ်စားပြုတဲ့ ကျနော့်အဖေရယ်၊ နောက် မောင်တောက တယောက်ရယ်၊ တိုင်းရင်းသားလူမျိုးကိုယ်စားပြုတဲ့အထဲမှာ နှစ်ဦးပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့နေရာမှာ။ ဦးနေဝင်း အာဏာတက်လာပြီး တတိုင်းပြည်လုံးမှာ လူတွေအားလုံး အခွင့်အရေး ဆုံးရှုံးတဲ့နေရာမှာ ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေကလည်း ထိပ်ဆုံးကနေ လူ့အခွင့်အရေး ဆုံးရှုံးခံရတယ်။ အဲ့ဒီနောက်ပိုင်း ၁၉၈၈၊ 88 နောက်ပိုင်းကျတော့ ၂၀၁၀ ပြည့်က အဆိုးဆုံးပေါ့ဗျာ။ နောက်ဆုံး အခု ရိုဟင်ဂျာက တိုင်းရင်းသားမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတာ သမိုင်းမှာမရှိဘူးဆိုပြီးတော့ တချို့သော ပုဂ္ဂိုလ်တွေက ပြောနေတယ်။ အဲ့ဒါတွေကိုတော့ ကျနော်တို့က လက်မခံဘူး။”

ဦးကျော်စိုးအောင်က သူတို့ဒေသက လူထုတွေဟာ လက်ထပ်ထိမ်းမြားခွင့်၊ ခရီးသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ပြောဆိုပေမဲ့ မြန်မာအစိုးရဘက်ကတော့ လူမျိုး၊ ဘာသာ ခွဲခြားပြီး ဆက်ဆံတာ မရှိကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ မကြာမီ စတင်တော့မယ့် သန်းခေါင်စာရင်း
ကောက်ယူရာမှာ ရိုဟင်ဂျာလူမျိုးအမည် မထည့်သွင်းဖို့အတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ၇ စုက တောင်းဆိုထားပါတယ်။

ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ ဘူးသီးတောင်၊ မောင်တော နယ်တွေမှာ ပြည်သူ့ဆန္ဒ ကောက်ခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းရေး အကြံပြု ရေးသားထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ လူ ၂၀၀၀ လောက် ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
XS
SM
MD
LG