သမီးရဲ့အချစ်ကိုရရှိသူအား ဘတ်ငွေ ၁၀ သန်းပေးမယ်လို့ ကမ်းလှမ်းထားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှ ဒူးရင်းသီးလုပ်ငန်းရှင်က သမီးဖြစ်သူရဲ့ အချစ်ကိုရရှိတဲ့ အမျိုးသားကို ထိုင်းဘတ်ငွေတစ်သန်းနဲ့ အခြား ပိုင်ဆိုင်မှုတွေပေးမယ်လို့ ယခုသီတင်းပတ် အစောပိုင်းမှာ လူသိရှင်ကြား ကမ်းလှမ်းကြေညာထားမှုကို ပယ်ဖျက်လိုက်ကြောင်း မတ်လ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

(Anont သားအဖနဲ့ သတင်းထောက်များ တွေ့ဆုံစဉ်) (Photo: Youtube/Hone-Krasae Official)

ထိုင်းနိုင်ငံတောင်ပိုင်း ချမ်ပွန်ပြည်နယ်မှ ဒူးရင်းသီလုပ်ငန်းရှင် Anont Rotthong က ၎င်းရဲ့ အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူရဲ့ အချစ်ကိုရရှိတဲ့ အမျိုးသားကို ဘတ်ငွေ ၁၀ သန်း (မြန်မာငွေ သိန်း ၄၇၀၀ ကျော်) နဲ့ အခြား ပိုင်ဆိုင်မှုတွေ ပေးအပ်မှာဖြစ်ပြီး ထိုအမျိုးသားဟာ ၎င်းရဲ့ မိသားစု စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နိုင်သူဖြစ်ရမယ်လို့ Facebook မှာ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

(Anont ရဲ့သမီး Kansita Rotthong) (Photo: khmerload)

"ဒူးရင်းသီးခြံတွေကို သိမယ်၊ ဒူးရင်းသီးကို ဘယ်လိုရွေးချယ် ဝယ်ယူရမယ်ဆိုတာသိတဲ့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်သမီးကိုယူနိုင်ပါတယ်၊ သူ့ဆီကနေ မင်္ဂလာခန်းဝင်ပစ္စည်းဥစ္စာ တစ်ဘတ်မှ မတောင်းပါဘူး၊ ကျွန်တော်က ငွေသား ဘတ် ၁၀ သန်းပေးမှာပါ၊ ပြီးတော့ ယာဉ် ၁၀ စီး၊ နေအိမ်တစ်လုံး၊ ဒူးရင်းသီးဆိုင်နှစ်ဆိုင်နဲ့ ကျွန်တော့်သမီးကို ပေးမှာပါလို့" ဒူးရင်းသီးလုပ်ငန်းရှင် Anont Rotthong က ၎င်းရဲ့ Facebook မှာ စနေနေ့ (မတ်လ ၂ ရက်) က ရေးသားထားခဲ့ပါတယ်။

(Photo: Anont)

ဒါ့အပြင် ၎င်းရဲ့သမီးဖြစ်သူဟာ Assumption တက္ကသိုလ်မှ ဂုဏ်ထူးတန်းဖြင့် ဘွဲ့ရထားပြီး တရုတ်နိုင်ငံရှိ Su Yat-sen တက္ကသိုလ်ကနေလည်း မဟာဘွဲ့ရရှိထားတယ်လို့လည်း အသက် ၅၈ နှစ်အရွယ် Anont Rotthong က Facebook မှာ ပြောထားပါသေးတယ်။ သားမက်လောင်းအဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံသူဟာ ၎င်းရဲ့ ဒူးရင်းသီးခြံတစ်ခြံမှာ သုံးလကြာ အတူတကွ အလုပ်လုပ်ကိုင်ရမယ်လို့ Anont က ဆိုခဲ့ပါတယ်။

သို့သော် အင်္ဂါနေ့ (မတ်လ ၅ ရက်) ညပိုင်းမှာတော့ Anont က ၎င်းရဲ့သားမက်လောင်းဖြစ်လိုသူတွေကို ရွေးချယ်မယ့်အစီအစဉ်အား ဖျက်သိမ်းလိုက်ပြီလို့ Facebook မှာ ကြေညာခဲ့ပါတယ်။ သမီးဖြစ်သူနဲ့ပတ်သက်ပြီး ကမ်းလှမ်းမှုကို စိတ်ဝင်စားကာ ဆက်သွယ်လာသူ ၁၀,၀၀၀ အထိ ရှိလာခဲ့ကြောင်းနဲ့ ၎င်းတို့အားလုံး ဝင်ဆံ့နိုင်တဲ့ နေရာအကျယ်အဝန်း မရှိဘူးလို့ Anont က ပြောခဲ့ပါတယ်။

(Anont ရဲ့သမီး Kansita Rotthong) (Photo: Anont)

"သားမက်ဖြစ်ဖို့ စိတ်ဝင်စားကြသူတွေရေ ... ကျေးဇူးပြုပြီး ငါ့ကို ဖုန်းမခေါ်ကြပါနဲ့တော့၊ ငါ့မှာ ဖုန်းတွေချည်းဆက်တိုက် ပြောနေရလို့ သေတော့မယ်၊ နားပါရစေအုံး" လို့ Anont က Facebook မှာ ရေးထားခဲ့ပါတယ်။ သားမက်ဖြစ်လိုသူတွေအနက် အသက် ၂၈ နှစ်အရွယ် Premyosapon Khongsai ဆိုသူက Anont ရဲ့ Facebook ပို့စ်မှာ comment ရေးသားခဲ့ရာ အဆိုပါ comment ဟာ Like အရေအတွက် ၁၄,၀၀၀ ကျော်အထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော် စိတ်ဝင်စားပါတယ်၊ ကျွန်တော်က အသက် ၂၈ နှစ်ပါ၊ ကျွန်တော့်မိသားစုကလည်း Trat ပြည်နယ်မှာ ဒူးရင်းသီးခြံလုပ်ငန်း လုပ်ကြတာပါ၊ ကျွန်တော်တို့မှာ ဒူးရင်းပင် ၃၀၀ ကျော်ရှိပါတယ်၊ ကျွန်တော် နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နိုင်ပါတယ်၊ ကျွန်တော်က ၁၀ ဘီးနဲ့ ထွန်စက် မောင်းတတ်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို စဉ်စားပေးပါ အဖေ Anont ... ကျေးဇူးတင်ပါတယ်" လို့ Khongsai က သူ့ရဲ့ဓာတ်ပုံနဲ့တွဲပြီး comment ရေးထားခဲ့ပါတယ်။

(Premyosapon Khongsai) (Photo: Khongsai/Facebook)

သို့သော် Anont က Khongsai က အရမ်းချောလွန်နေကြောင်း ပြန်လည် ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိုအမျိုးသားက သမီးဖြစ်သူရဲ့အသည်းကို ခွဲလိမ့်မယ်လို့လည်း Anont က ပြောခဲ့ပါသေးတယ်။

Anont ရဲ့ အငယ်ဆုံးလည်းဖြစ် တစ်ဦးတည်းသော သမီးလည်းဖြစ်တဲ့ Kansita Rotthong က သူမအတွက် ခင်ပွန်းရှာဖွေတဲ့ ဖခင်ဖြစ်သူရဲ့ အစီအစဉ်ကို လေးစားလိုက်နာမယ်လို့ အစောပိုင်းမှာ Bangkok Post သတင်းကို ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဖခင်ရဲ့ရွေးချယ်မှုက မည်သို့ပင်ဖြစ်စေ နောက်ဆုံး ဆုံးဖြတ်မယ့်သူဟာ သူမကိုယ်တိုင်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

(ဒူးရင်းသီးလုပ်ငန်းရှင် Anont) (Photo: Anont)

မတ်လ ၆ ရက်မှာတော့ ဒူးရင်းသီးလုပ်ငန်းရှင် Anont က သားမက်လောင်းရွေးပွဲ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ သတင်းထောက်တွေကို ပြောခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။ လူအများအပြားက စိတ်ဝင်စားလာမှုဟာ ၎င်းရဲ့ မိသာစုနဲ့ စီးပွားရေးလုပ်ငန်းကို အနှောင့်အယှက် ဖြစ်လာခဲ့တယ်လို့ Anont က ပြောခဲ့ကြောင်း Khaosod English သတင်းက ရေးသားထားပါတယ်။

သားမက်လောင်းရွေးပွဲ ဖျက်သိမ်းလိုက်ပေမဲ့ သမီးနဲ့လက်ထပ်ခွင့်ရတဲ့ မည်သူကိုမဆို ထိုင်းဘတ်ငွေ ၁၀ သန်းပေးရန် ရည်ရွယ်ထားဆဲ ဖြစ်တယ်လို့ ဒူးရင်းသီးလုပ်ငန်းရှင် Anont က ပြောခဲ့ပါတယ်။ Anont ဟာ ဒူးရင်းသီးလုပ်ငန်းကို နှစ်ပေါင်း ၂၀ ကြာ လုပ်ကိုင်လာခဲ့ပြီး ချမ်ပွန်ပြည်နယ်မှာ ဒူးရင်းသီး ပွဲရုံကြီးနှစ်ရုံကို ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က