Golf လောင်စာအင်ဂျင်ကားများကို ထုတ်လုပ်မှု ရပ်နားမည့် Volkswagen


Volkswagen သည် ၎င်း၏ နာမည်အကြီးဆုံးဖြစ်သည့် Golf ၏ လောင်စာအင်ဂျင်ကားမော်ဒယ်အား ထုတ်လုပ်မည့် အစီအစဉ် မရှိတော့ကြောင်းကို ဥက္ကဌဖြစ်သူ Thomas Schaefer က မော်တော်ယာဉ်သတင်းဌာန Automobilwoche အား ဧပြီလ ၂ ရက်နေ့ ( တနင်္ဂနွေနေ့ ) တွင် ပြောကြားခဲ့သည်။ 

 

Volkswagen သည် ၎င်း၏ Golf မော်ဒယ်ကို ၁၉၇၄ ခုနှစ်မှ စ၍ ထုတ်လုပ်ရောင်းချခဲ့ပြီး ယခု ထုတ်လုပ်လျက်ရှိနေသည့် Golf 8 မော်ဒယ်သည် နောက်ဆုံးအနေနှင့် ထွက်ရှိလာမည့် လောင်စာအင်ဂျင်သုံး Hatchback ကားလည်း ဖြစ်လာမည် ဖြစ်သည်။ 

 

Volkswagen Golf သည် ဥရောပတွင် အရောင်းရဆုံး ကားမော်ဒယ်အဖြစ် ၁၇ နှစ်ကြာ ရပ်တည်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဥရောပ၌ ကားအစီးရေပေါင်း ၁၇၀,၀၀၀ ကျော်သာ ရောင်းချနိုင်ခဲ့ကာ အစီးရေ ၂၀၀,၀၀၀ ကျော်  ရောင်းချနိုင်ခဲ့သည့် Peugeot 208 က ထိုနှစ်အတွက် ရောင်းအားအကောင်းဆုံးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ 

 

၂၀၂၂ ခုနှစ် ဥရောပ မော်တော်ယာဉ် ရောင်းအား - CarExpert

 

ဤထုတ်လုပ်ဆဲဖြစ်သည့် Golf ကားသည် ဆယ်စုနှစ်အကုန်အထိ မောင်းနှင်နှိုင်မည်ဖြစ်သည်ဟု သတ်မှတ်ထားကာ ထိုနှစ်နောက်ပိုင်းတွင် မော်တော်ကားကဏ္ဍ မည်သို့တိုးတက်လာသည်ကို စောင့်ကြည့်မည်ဖြစ်ကြောင်း Schaefer က ပြောကြားခဲ့သည်။ 

 

အကယ်၍ ကမ္ဘာကြီးသည် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တို့တွင် ခန့်မှန်းထားသည်နှင့် ခြားနားကာ တိုးတက်လာခဲ့လျှင် ၎င်းတို့ကုမ္ပဏီသည် လုံးဝမတူညီသော ကားအသစ်တစ်မျိုးကို ဖန်တီးနိုင်လိမ့်မည် ဖြစ်ပြီး ယခုလက်ရှိတွင် ထိုမျှလောက် မျှော်လင့်ထားခြင်း မရှိကြောင်းကို ဖြည့်စွက်ပြောကြားခဲ့သည်။

 

Volkswagen ၏ ဥရောပတွင် ဆယ်စုနှစ်များစွာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည့် Golf မော်ဒယ်အား အဆင့်မြင့်တင်ရန် ရင်းနှီးမြှုပ်နှံမှု မလုပ်ခြင်းက ၎င်း၏  လောင်စာအင်ဂျင်များကို ပြန်လည် ပြုပြင်ကာ လျှပ်စစ်ကားထုတ်လုပ်ရေး၏ ကုန်ကျစရိတ်ကို လျှော့ချမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအား ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ 

 

Advertisement

Click Here >>> United Pacific Co., Ltd.

 

Volkswagen ကုမ္ပဏီသည် ၂၀၃၀ ခုနှစ် ရောက်သည့်အချိန်တွင်  ဥရောပတွင် လျှပ်စစ်မော်တော်ယာဉ် ရောင်းအား ၈၀% ရရှိရန် ပစ်မှတ်ထားနေပြီး မြောက်အမေရိကတွင် ရောင်းအား ၅၅% ရရှိရန် ခန့်မှန်းထားသည်။ ထို့အပြင် Volkswagen လျှပ်စစ်ကား တစ်ကမ္ဘာလုံးရောင်းအား ၅၀% အထိ ရရှိနိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။ 

 

၂၀၂၄ ခုနှစ်တွင် ထုတ်လုပ် ရောင်းချမည့် ID.Buzz

 

Volkswagen ဟာ Golf နာမည်အား အနာဂတ်တွင် ထုတ်လုပ်ရောင်းချမည့် လျှပ်စစ်မော်တော်ယာဉ်အတွက် ခေတ္တသိမ်းထားမည်ဖြစ်ပြီး ပြန်လည်ထုတ်လုပ်မည့် အချိန်သည် အစောဆုံးအနေဖြင့် ၂၀၂၈ ခုနှစ်တွင်သာ ထုတ်လုပ်မည်ဖြစ်ကြောင်း Schaefer က ပြောကြားခဲ့သည်။ 

 

ယခုအချိန်မှ ၂၀၂၆ ခုနှစ်အတွင်း လျှပ်စစ်မော်တော်ယာဉ်အသစ် ၆ စီး ထုတ်လုပ် မိတ်ဆက်သွားရန်ရှိနေပြီး အဆိုပါ မော်တော်ယာဉ်များထဲမှ ဘတ်ထရီကားတစ်စီးအား ယူရိုဒေါ်လာ ၂၅,၀၀၀ ( အမေရိကန် ဒေါ်လာ ၂၇,၀၀၀ ) အောက်ဖြင့် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။ 

 

Source - Reuters

Read 254 times