Wednesday, April 24, 2024

တာကော်တံတားဖြတ်သန်းခ ကောက်ခံမှု ပြုလုပ်ပါက အရေးယူမည်

Must read

သျှမ်းပြည် တောင်ပိုင်းနှင့် အရှေ့ပိုင်း ကို ဆက်သွယ်သည့် သံလွင်မြစ်ကူး (တာကော်)တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်များ အားငွေကြေး ကောက်ခံမှု ပြုလုပ်ပါက အရေးယူသွားမည် ဟု သျှမ်းပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး က ပြောဆိုလိုက်သည်။

Photo Google Map/သံလွင်မြစ်ကူး (တာကော်)တံတား အား Google Map မှတွေ့ရစဉ်

အဆိုပါ ဖေဖော်ဝါရီ ၁၃ရက်နေ့ တွင် ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် က လွှတ်တော်တွင် “ တာကော်တံတားပေါ်တွင် ဖြတ်သန်းသွားလာသော ယာဉ်များကို မည်သည့်ဌာန မှ ငွေကြေး ကောက်ခံနေပြီး မည်သည့် အတွက် ကောက်ခံ နေပါသလဲ။ အဆိုပါ ကောက်ခံမှု များကို ပြည်နယ် အစိုးရ မှ တရားဝင် ခွင့်ပြုထားခြင်း ရှိ၊မရှိ၊ ငွေကြေးကောက်ခံနေပါက ပြည်နယ်အစိုးရမှ အခွန်မည်မျှရရှိသလဲ၊ အချိန် အကန့်အသတ်ဖြင့် သွားလာခွင့်ပြုနေ ခြင်းမှာ အဘယ်ကြောင့်နည်း” ဆိုသည် မေးခွန်းကို မေးမြန်းသည်။

သျှမ်းပြည်နယ် တောင်ပိုင်း နှင့် အရှေ့ပိုင်း ကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး တံတား(တာကော်) တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များအား တပ်ဖွဲ့၊ ဌာန ဆိုင်ရာများ မှ ငွေကြေးကောက်ခံမှု မပြုလုပ်စေရန် အထူးဂရုပြု ကြပ်မတ်သွားရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား ညွန်ကြားထားပြီး ဖြစ်ကြောင်းနှင့် ငွေကြေး ကောက်ခံ မှု များပြုလုပ် ပါက ဥပဒေ စည်းမျဉ်း စည်းကမ်း များနှင့်အညီ အပြစ်ပေးအရေးယူဆောင်ရွက်သွားမည် ဟု သျှမ်းပြည်နယ် လုံခြံုရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှဦး က သျှမ်းပြည်နယ် လွှတ်တော် အစည်းအဝေး တွင် ယမန်နေ့ က ပြန်လည် ဖြေကြားခဲ့သည်။

တာကော်တံတားပေါ်တွင် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စ်စဘက်ရေးရာလုံခြံုရေး တပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှု တပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေကြကြောင်းသိရသည်။

အဆိုပါ တံတားသည် ယခင်တွင် လေလံစနစ်ဖြင့် တံတားအသုံးပြုခ ကောက်ခံခွင့်ပြုထားပြီး၊ အစိုးရသစ်တွင် ပွင့်လင်းမြင်သာစွာ ဖြေလျော့ သည့် အစီအစဉ် အရ ဆောက်လုပ်ရေး ဝန်ကြီး ဌာန မှ ၂၀၁၆ ခုနစ်မတ် (၃၁) ရက်မှ စတင်ကာ တံတားအသုံးပြု ခ အခမဲ့ ဖြတ်သန်းသွားလာခွင့်ပြုထားသည်။

“ တာကော်တံတား က တနေ့ကို ကားအစီးရေ ၁၀၀၀ လောက်ရှိတယ်။ ဒီနေရာ ကတံတားဖြတ်သန်းခရော၊ နောက် ဌာနဆိုင်ရာတွေကို ရော ပေးရတယ်။ သူတို့စိတ်ကြည်ရင် ဘာမှ မဖြစ်ဘူး။ စိတ်မကြည်ရင် ကားသမားတွေ ဒုက္ခရောက်တယ်” ဟု ကျိုင်းတုံ တောင်ကြီး ကားသမား ဦးစိုင်းလေး က ပြောသည်။

တာကော်တံတားသည် သျှမ်းပြည်တောင်ပိုင်းကွန်ဟိန်းမြို့ ကာလိမြို့နယ်ခွဲအတွင်း တည်ရှိပြီး သံလွင်မြစ်အား ဖြတ်သန်းသည့် တံတားတစင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article