ဘူးသီးတောင်တိုက်ပွဲကြောင့် ဒုက္ခသည် ထောင်ချီ ထွက်ပြေးလာ


2019.03.23
butheetaung-622.jpg ဘူးသီးတောင်မြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲကြောင့် စည်တောင်အပါအဝင် အနီးတစ်ဝိုက် ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘူးသီးတောင်မြို့ပေါ်နဲ့ ရသေ့တောင်မြို့နယ်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဘူးသီးတောင် မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က RFA ကို ဒီနေ့ ပြောပါတယ်။

လက်ရှိအချိန်အထိ ရရှိထားတဲ့ သတင်းတွေအရ ဘူးသီးတောင်မြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ လူဦးရေ နှစ်ရာကျော်ခန့်၊ စေတီတောင်ကျေးရွာမှာ လူဦးရေ တစ်ထောင်ကျော် နဲ့ ရသေ့တောင်မြို့နယ်က ဆင်ခုန်းတိုင် ကျေးရွာမှာလည်း လူဦးရေ တစ်ထောင်ကျော် ရောက်ရှိနေတယ်လို့ သိရကြောင်း ဦးထွန်းအောင်သိန်း က ပြောပါတယ်။

စည်တောင်ကျေးရွာမှာ မတ် ၂၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံ ၇ ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်မတော် AA က မနေ့က ကြေညာချက်ထဲမှာ သေဆုံးသူတွေထဲက ဦးမောင်အေးထွန်းတို့ မိသားစုဟာ ဗုံးခိုကျင်းအတွင်း လက်နက်ငယ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတဲ့အတွက် စစ်ရာဇဝတ်ကျူးလွန်မှုဖြစ်ကြောင်း၊ မြန်မာစစ်တပ်ရဲ့ ရခိုင်ဒေသအတွင်း စစ်ရာဇဝတ်ကျူးလွန်မှုတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့သွားမယ့်အပြင် ကျူးလွန်သူတွေကို လက်တုံ့ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က မေးမြန်း ရာမှာ စည်တောင်တိုက်ပွဲအကြောင်း တပ်မတော်ဘက်က မြဝတီသတင်းစာမှာ သတင်းထုတ်ပြန်ထားပြီး ဖြစ်ကြောင်းသာ ပြောပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်အရ အဲဒီတိုက်ပွဲကြောင့် တပ်မတော်ဘက်က အရာရှိ ၁ ယောက် နဲ့ စစ်သား ၁ ယောက် လက်နက်ကြီးအစ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ AA အဖွဲ့ဘက်က ရပ်ကွက်နဲ့ကျေးရွာတွေကို အကာအကွယ်ယူပြီး တပ်မတော်စစ်ကြောင်းတွေကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်တာ၊ ချောင်းမြောင်းပစ်ခတ်တာတွေ ပြုလုပ်နေပြီး လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ခုခံတဲ့အခါမှာ မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုတွေရှိလာနိုင်တာကြောင့် ပြည်နယ်တွင်းက မြို့၊ ရပ်ကွက်၊ ကျေးရွာတွေမှာ AA အဖွဲ့ကို လက်မခံကြဖို့နဲ့ ရပ်ကွက်တွေအတွင်း ဝင်ရောက်လာရင်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေကို သတင်းပေးကြဖို့ မေတ္တာရပ်ခံထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

စည်တောင်ကျေးရွာဟာ ခန့်မှန်း အိမ်ခြေ ၃ ရာကျော်လောက်ရှိပြီး ဘူးသီးတောင်မြို့နယ်ထဲမှာ အကြီးဆုံး ကျေးရွာလို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

အဲဒီကျေးရွာမှာ မတ်လ ၂၁ ရက်ညက တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စည်တောင်က ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးလာသူတွေကို ဘူးသီးတောင်မြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားပေးရတဲ့အတွက် သန့်စင်ခန်းမလုံလောက်တဲ့ အခက်အခဲရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ပြောပါတယ်။

"စည်တောင်ရွာမှာ ဖြစ်နေတဲ့ကိစ္စတွေကြောင့် အဲဒီအနီးအနားရွာတွေက အကုန်လုံးထွက်ပြေးကြတယ်၊ ကျွန်တော်တို့ ဘူးသီးတောင်ကို ခိုလှုံဖို့ ဆင်းလာပါတယ်ခင်ဗျ၊ ဘုန်းတော်ကြီးကျောင်းတွေမှာပဲ ကျွန်တော်တို့ အစီအစဉ်ချပေးထားတယ်၊ ထွေအုပ်စာရင်းအရဆို ၂၅၀ ကျော်ရှိတယ်၊ ရွှေကျင်ကျောင်းကိုလည်း ရောက်နေတယ်လို့ ကြားတယ်၊ အိမ်သာမလုံလောက်ဘူး၊ ဘုန်းကြီးကျောင်းဆိုတော့ အိမ်သာ အဲလောက်များများစားစား မရှိဘူး၊ ခုနွေရာသီလည်း ရောက်နေတယ်ဆိုတော့ ဝမ်းရောဂါအတွက်ကို စိုးရိမ်ရတဲ့ အခြေအနေတွေရှိပါတယ်"

တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်ထဲက စည်တောင်၊ ကွမ်းတောင်၊ စပါးထား၊ ဂံပြင်၊ သံဂိုးထောင်ကျေးရွာ တွေနဲ့ ရသေ့တောင်မြို့နယ်ထဲက ရေခေါင်းချောင်း၊ ခရုချောင်း စတဲ့ကျေးရွာ ၇ ရွာလောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်လာကြတာလို့လည်း ဦးထွန်းအောင်သိန်း က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲက ရေပတ်လည်ဝိုင်းနေတဲ့ စေတီတောင်ကျေးရွာကိုလည်း ထွက်ပြေးခိုလှုံလာသူ ၁ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ ကျေးရွာတည်ရှိပုံအနေအထားအရ လုံခြုံမယ်ထင်လို့ ခိုလှုံလာကြတာလို့ ယူဆကြောင်း စေတီတောင် ဒေသခံတွေက ပြောပါတယ်။

စေတီတောင်ကျေးရွာဟာ လူဦးရေ ၂ ထောင်ကျော်ရှိတာကြောင့် လာရောက်ခိုလှုံကြတဲ့ဦးရေဟာ ရွာလူဦးရေရဲ့ တစ်ဝက်လောက် ဖြစ်နေတာပါ။

စေတီတောင် အထက ကျောင်းမှာပဲ နေရာချပေးထားပြီး ရုတ်တရက်ပြေးလာကြလို့ အဝတ်အစား အခက်အခဲ ဖြစ်နေတယ်လို့ စေတီတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်း က ပြောပါတယ်။

"တိုက်ပွဲရှောင်တွေက များလာပြီး အခုဆိုရင် ၁၂၀၀ နီးပါးဖြစ်နေပါပြီ၊ နေထိုင်စားသောက်ရေး အဆင်ပြေအောင် အထက စေတီတောင်မှာပဲ နေရာပေးထားတယ်၊ လတ်တလော ကြောက်လန့်ပြီး ပြေးလာကြတာဆိုတော့ အဝတ်အစားတွေ မပါလာကြဘူး၊ အဲဒါအခက်အခဲဖြစ်နေတယ်"

ဒါ့အပြင် ရသေ့တောင်မြို့နယ်က ဆင်ခုန်းတိုင်ကျေးရွာမှာ လူဦးရေ ၁၂၀၀ ကျော် လာရောက်ခိုလှုံနေကြပြီး မူလတန်းလွန်ကျောင်းနဲ့ ရွာကအိမ်တချို့မှာ နေရာချထားပေးရတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်နဲ့ လူဦးရေ ၄၀၀ ကျော်သာရှိပြီး လာရောက်ခိုလှုံသူတွေက ကျေးရွာ လူဦးရေရဲ့ ၃ ဆနီးပါးလောက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရောက်လာသူများပြီး ရေအရင်းအမြစ်က ရွာနဲ့ဝေးတာကြောင့် သောက်ရေနဲ့ သုံးရေအခက်အခဲရှိတယ်လို့ ဆင်ခုန်းတိုင်ကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

"မူလွန်ကျောင်းက လူတစ်ထောင်ကျော်နဲ့ မဆံ့ဖြစ်နေတယ်၊ စည်တောင်ရွာက ၁၀၂၂ ယောက်ရှိတယ်၊ ကျန်တဲ့ရွာတွေကလူတွေကတော့ ရွာထဲမှာပဲနေဖြစ်တယ်၊ ရေက သောက်ရေရော သုံးရေရော အခက်အခဲရှိတယ်၊ ဒီမှာက တအားပူတာကိုး၊ ရေကအလှမ်းဝေးတယ်လေ၊ ၄ ဖာလုံလောက်ဝေးတယ်၊ ၁၅ မိနစ် မိနစ် ၂၀ လောက်ဝေးတယ်"

အလားတူ ရသေ့တောင်က ပြင်းတောကုန်တန်းကျေးရွာကို ထွက်ပြေးလာသူတွေက နီးစပ်ရာအသိအိမ်တွေမှာ လတ်တလောနေထိုင်နေရကြောင်း စည်တောင်ဒေသခံတစ်ယောက်က ပြောပါတယ်။

"ရွာထဲကိုဝင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်လို့ထွက်ပြေးတာလေ၊  ရွာမှာကတော့ တစ်ယောက်မှ မရှိတော့ဘူး၊ ခုကတော့ နီးစပ်ရာဆွေမျိုးအိမ်တွေမှာ ဟိုအိမ်မှာ ၅ ယောက်၊ ဒီအိမ်မှာ ၁၀ ယောက် အဲလိုနေတာ၊ အကုန်လုံး မိန်းမ၊ ယောက်ျားပေါင်းလိုက်ရင်တော့ ၁၀၀ လောက်တော့ရှိမယ်ထင်တယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး မြောက်ဦး နဲ့ ဘူးသီးတောင်မြို့နယ် အပါအဝင် နေရာအတော်များများမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ  ထိခိုက် သေဆုံးမှုတွေရှိသလို နေအိမ် အဆောက်အဦးအများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပြီး နေရပ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါးအထိ ရှိလာတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ RFA က စုံစမ်းသိရသလောက် ၂၀၁၉ နှစ်ဆန်းကတည်းက ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် အရပ်သား အနည်းဆုံး ၁၀ ဦး၊ AA က တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင် ၂၂ ဦး၊  အစိုးရ သတင်းပေးဆိုပြီး AA က သတ်ဖြတ်တဲ့အတွက် သေဆုံးသူ ၇ ဦး ၊ တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ ရွာသား ၇ ဦး ခန့် အထိရှိတယ်လို့ သိရပါတယ်။ တပ်မတော်ဘက်က တပ်သား ကျဆုံးမှု အရေအတွက်ကိုတော့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။