ခွဲမထွက်ရေး ဆိုတဲ့အချက် NCA မှာမပါလို့ အဲတာကိုလက်မခံပါဘူး

ခွဲမထွက်ရေး ဆိုတဲ့အချက် NCA မှာမပါလို့ အဲတာကိုလက်မခံပါဘူး
RCSS/SSA သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ၏ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း အားသျှမ်းသံတော်ဆင့်မှတွေ့ဆုံမေးမြန်းမှုပြုနေစဉ်
RCSS/SSA သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ၏ အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း အားသျှမ်းသံတော်ဆင့်မှတွေ့ဆုံမေးမြန်းမှုပြုနေစဉ်

(RCSS/SSA အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း နှင့် ဆက်သွယ်မေးမြန်းချက်)

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို နို၀င်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ အကြံပေးပုဂ္ဂိုလ်များ၊ ဗဟိုအလုပ်အမှုဆောင် မတီဝင်များ၊ ဗဟိုဦးစီးကော်မတီဝင်များနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဝင်များ တက်ရောက်ခဲ့ပါတယ်။

NCA သဘောတူညီချက် အကောင်အထည်ဖော်မှုနဲ့ပတ်သက်တာတွေ၊ အောက်တိုဘာလ ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ နေပြည်တော်မှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲ ရလဒ်၊ လက်ရှိနိုင်ငံရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကိုအကျယ်တဝင့်ပြန်လည်ဆွေးနွေခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးကနေ အချက် ၄ ချက်ပါတဲ့ ကြေငြာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။ အဓိက ကတော့ ငြိမ်းချမ်းရေးခရီး လွယ်ကူမြန်ဆန်အောင် JMC အဆင့်ဆင့်မှာ ကြားဝင်စေ့စပ်ပေးတဲ့ ပြည်ပကအကြံပေးပုဂ္ဂိုလ်တွေကို ခေါ်ပေးဖို့ တောင်းဆိုထားပါတယ်။ အသေးစိပ်သိရအောင်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက် တာဝန်ယူဆောင်ရွက်လာတဲ့ RCSS/SSA ရဲ့အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းငင်း ကိုသျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းယွက်ခမ်းကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဗဟိုကော်မတီအစည်းအဝေးမှာ JMC နဲ့ပတ်သက်ပြီး ဘယ်လိုဆွေးနွေးခဲ့ကြပါသလဲခင်ဗျ။

ဖြေ။ ။ အရေးပေါ် ဗဟိုကော်မတီ CEC အစည်းအဝေးနဲ့ပတ်သက်ပြီး JMCက ၂ ဖက်ကြားပြသနာတွေ ကူညီဖြေရှင်းနိုင်ဖို့အတွက် အပစ်ရပ်တာကိုစောင့်ကြည့်ဖို့ဖြစ်တယ်။ JMC ပြည်နယ်အဆင့်၊ ဒေသအဆင့်၊ ပြည်ထောင်စုအဆင့်တွေဟာ ပြသနာတွေကိုမဖြေရှင်းနိုင်ဘူး။ ပြသနာတွေကိုဖြေရှင်းဖို့အတွက် ဘယ်ကို သွားရမလဲဆိုရင် အရင်က ကျနော်တို့ ဒေသအဆင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ် ရေးထိုးထားတာတွေရှိတယ်။ ဒီစာချုပ်တွေထဲမှာပါတဲ့ အချက်တွေစကားလုံးတွေအပေါ် နားလည်မှု ၊အနက် အဓိပ္ပါယ်ဆောင်တာတွေဟာ အများစုမှာ လွဲမှားနေပါသေးတယ်။ မတူကြဘူး။ ကျနော်တို့ဘက်က တမျိုး နားလည်တယ်အစိုးရတပ်မတော်ဘက်က တမျိုးနားလည်နေတယ်ဆိုတော့ ဒီနားလည်မှုတွေ တူညီအောင် ဆိုရင် နှစ်ဘက်ပြန်လည်တွေ့ဆုံကြပြီး ရှင်းရှင်းလင်းလင်း ဆွေးနွေးကြမယ်လို့ သဘောတူဆုံးဖြတ်ပါတယ်။

မေး။ ။ အပစ်ရပ်လက်မှတ်ရေးထိုးကြပြီးနောက်ပိုင်း အစိုးရတပ်မတော်နဲ့ RCSS တို့အကြား တိုက်ပွဲတွေ ဘယ်နကြိမ် ဖြစ်ပွါးခဲ့ပါသလဲ။ ဘာကြောင့်တိုက်ပွဲတွေဖြစ်နေရသေးသလဲ။

ဖြေ။ ။ အပစ်ရပ်လက်မှတ်ရေးထိုးကြပြီးနောက်ပိုင်း RCSS နဲ့တပ်မတော်ကြားမှာ တိုက်ပွဲပေါင်း အကြိမ် ၈၀ ကျော် ရှိပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုရင်တော့ – အပစ်ရပ်ဆွေးနွေးခြင်းမပြုမှီတုန်းက ဦးအောင်မင်း လက်ထက်က ကျနော်တို့နှုတ်ကတိတွေရှိခဲ့ဖူးတယ်။ RCSS က ကားလမ်းနဲ့ဝေးတဲ့ ရွာပိုင်း တောပိုင်းမှာ လှုပ်ရှားမယ်။ ကားလမ်းနဲ့ မြို့ပိုင်းမှာ အစိုးရတပ်မတော်က လှုပ်ရှားမယ်။ တဦးနယ်ထဲ တဦး ကဝင်တော့မယ် ဆိုရင် အကြောင်းကြားရမယ်လို့ကတိ၀တ်ပြုထားတယ်။ ဒါပေမယ့် အစိုးရတပ်မတော်က ကားလမ်းကနေ ဆင်းရင် ကျနော်တို့ကို အကြောင်းမကြားလို့ တိုက်ပွဲတွေဖြစ်ပွါးရတာဖြစ်တယ်။

မေး။ ။ အဲတာကြောင့် NCA လက်မှတ်ထိုးလည်း အကျိုးမရှိဘူးလို့ လူထုကပြောနေကြပါတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ တကယ်ပြောမယ်ဆိုရင် NCA ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ် တာမက နိုင်ငံရေးဆွေးနွေးရေးအတွက် တံခါးတချပ်ဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ အပစ်ရပ်လက်မှတ်ရေး ထိုးလာတဲ့ ၃ နှစ်တာကာလအတွင်းမှာ ကောင်းကျိုးရော စိန်ခေါ်မှုရော ၂ ရပ်လုံး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က NCA မှာလက်မှတ်ရေးထိုးခဲ့ပြီဖြစ်တဲ့အတွက် NCA လမ်းအတိုင်းဘဲလျှောက်သွားမယ်။ ဆွေးနွေးညှိနှိုင်းရေးပေါ့နော့။ စားပွဲဝိုင်းမှာထိုင်ပြီးတော့ ဆွေးနွေးညှိနှိုင်းဖြေရှင်းရမယ်လေ။

မေး။ ။ အခု တစ်ဆို့နေတဲ့အချက်ဖြစ်တဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရ ဆိုတဲ့အချက်ကော်ခင်ဗျ။

ဖြေ။ ။ ဒါကတော့ – ခွဲမထွက်ရေး ဆိုတာ NCA ထဲမှာတော့ မပါဘူးပေါ့နော်။ ကျနော်တို့ကတော့ ဆွေး နွေးလာရင် NCA လမ်းအတိုင်းဘဲလျှောက်ရမယ်။ ဒီအတွက် ကျနော်တို့တဖွဲ့တည်းလုပ်လို့မရသလို NCA လက် မှတ် ထိုးပြီးတဲ့အဖွဲ့တွေချည်းဘဲ ဆွေးနွေးလို့လဲမရဘူး။ အဖွဲ့အစည်းအားလုံးနဲ့ဆွေးနွေးရမယ်။ သျှမ်းပြည်လူထု အားလုံးနဲ့ဆွေးနွေးပြီးတော့မှဘဲဆုံးဖြတ်လို့ရပါမယ်။ အဲ့ခါမှဘဲ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါမယ်။ NCA မှာ မပါတဲ့ အတွက်ကျနော်တို့ လက်မခံပါဘူး လို့ဘဲ ပြောလို့ရပါတယ်။

မေး။ ။ တပ်မတော်တခုတည်းထားရှိရေးမူနဲ့ပတ်သက်ပြီးတော့ကော်။

ဖြေ။ ။ ထိပ်သီးအစည်းအဝေးမှာကတည်းက ဆွေးနွေးတယ်။ အဲန်စီအေမှာ ဒီတပ်မတော်တခုတည်း ထားရှိရေးမူ ဆိုတာမပါဘူး။ NCA ထဲမှာဘာတွေပါသလဲဆိုတော့ ပြည်ထောင်စုတပ်မတော် ဆိုတာပါတယ်။ ဒါကြောင့် တပ်မတော်တခုတည်းထားရှိကိုသူတို့က ဆွေးနွေးချင်နေတယ်ဆိုတာက ရှိထားတဲ့မူနဲ့မကိုက်ညီဘူး။ ဒါပေမယ့် နိုင်ငံတကာမူအရဆိုရင်တော့ နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုတည်းသာထားရှိရမယ်ဆိုတာ ရှိပြီးသားဘဲ။ မူအရဆိုရင် လက်ခံတယ်။ သို့ပေမယ့်ကျနော်တို့တိုင်းရင်းသားတွေလက်မခံသေးဘူးဆိုတာက ပြည်ထောင်စုတပ်မတော်ကိုဘယ်လိုဖွဲ့စည်းမလဲ အစရှိအသေးစိပ်မဆွေးနွေးရသေးဘဲနဲ့ ဒါတပ်မတော်တခုတည်းထားရှိရေးကို လက်ခံပါ ဆိုတော့ ဒါခက်တော့တာဘဲလေ။ ဒါကြောင့်ကျနော်တို့ တိုင်းရင်းသားတွေဘက်က တချက်ပြန်ဆွေးနွေးရအောင် ဆိုပြီးဖြစ်လာတာ။ JMC ဆိုရင်လည်း အခု ၂ ဘက်ဘဲပါတယ်လေ။ NCA အရဆိုရင် ကော်မတီအဆင့်ဆင့်မှာ ကြားကနေဝင်ရောက်လေ့လာ အကြံပေး ကူညီတဲ့အဖွဲ့ ရှိရင်တော့ကောင်းမယ်။ ကျနော်တို့ ၂ ဘက်ဘဲဆိုရင် ဆွေးနွေးဖို့ဆိုရင်ရှေ့ဆက်ဖို့က နှေးတယ်လို့မြင်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဘယ်လိုထပ်ပြောချင်ပါသလဲ။

ဖြေ။ ။ငြိမ်းချမ်းရေးရှေ့ဆက်ဖို့အတွက်က နှေးနေ တယ်လို့မြင်ပါတယ်။ ကျနော်တို့ NCA လက်မှတ်ထိုးထားတော့ NCA လမ်း အတိုင်းလျှောက်သွားပါမယ်။ အဘက်ဘက်က အဆင်ပြေအောင် အစိုးရ တပ်မတော်နဲ့ အီးအေအို တို့ကြား ရှင်းလင်း နားလည်အောင် နည်းလမ်းမျိုးစုံ သုံးပြီး တွေ့ဆုံဆွေးနွေးဖို့လုပ်သွားပါမယ်။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။ ။

March 28, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က...
March 25, 2024
သျှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရန်...
March 25, 2024
ကရင်နီ (ကယား) ပြည်တွင် (၁၁၁၁) စစ်ဆင်ရေး စတင်ပြီးနောက် မြို့နယ်အသီးသီးရှိ စစ်ကောင်စီတပ်စခန်း (၆၅)...
March 22, 2024
သျှမ်းပြည် ကလောမြို့တွင် စစ်မှုမထမ်းချင်သည့် လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံ ခဲ့ကြောင်း...