သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်ချုပ်နဲ့ တရုတ်သမ္မတ Xi တွေ့ဆုံမှုအပေါ် အမြင်တချို့


တရုတ်သမ္မတ နဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ်တို့ ဘေဂျင်းမြို့တော် ဆွေးနွေးပွဲ။ ဓာတ်ပုံ- CNTV
တရုတ်သမ္မတ နဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ်တို့ ဘေဂျင်းမြို့တော် ဆွေးနွေးပွဲ။ ဓာတ်ပုံ- CNTV

တရုတ်နိုင်ငံကို တနလာၤနေ့က စရောက်ခဲ့တဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ မနေ့က ဘေဂျင်း မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ OBOR တရုတ်ခါးပတ် လမ်းကြောင်း ဒုတိယအကြိမ် ညီလာခံတက်ရောက်ဖို့ ဒီလနှောင်းပိုင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေချိန်မှာ အခုလို မြန်မာ စစ်ခေါင်းဆောင်နဲ့ တရုတ်သမ္မတို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြန်မာနယ်စပ် လုံခြုံတည်ငြိမ်ရေးကို ပိုကောင်းအောင်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တဲ့ သမ္မတရှီနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အခုလို ကြိုတင်ပြီး ဘာကြောင့်တွေ့ဆုံခဲ့ရသလဲဆိုတာကို ကိုဝင်းမင်းက စုစည်း တင်ပြပေးမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ အရင်နေ့တွေက တရုတ်စစ်ဦးစီးချုပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံခြားရေးဌာန အကြီးအကဲတို့နဲ့ တွေ့အပြီးမှာ အခုတော့ ဒီကမ္ဘာ့အင်အားကြီး နိုင်ငံရဲ့ အဆင့်မြင့်ဆုံးနဲ့ သြဇာအကြီးဆုံး ခေါင်းဆောင် သမ္မတ ရှီနဲ့ တွေ့ပြီး မြန်မာဖက်ကလည်း နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကောင်းမွန်အောင် လုပ်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

အဲဒီတော့ ခုလို တရုတ် အဆင့်မြင့်ဆုံး ခေါင်းဆောင်နဲ့ မြန်မာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အရင်တွေ့ဖို့ ဖြစ်လာရတာကို မြန်မာ့အရေးသုံးသပ်သူ Georgetown တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ David Steinberg က

“ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တရုတ်နဲ့ မတွေ့ခင်မှာ သူက ဦးအောင် ကြိုတင်တွေ့ချင်တဲ့ သဘောရှိပါတယ်။ အဓိက ကျတဲ့ ကိစ္စရပ်တွေမှာ တရုတ်နဲ့ သူနဲ့ သဘောတူညီထားမှု ရှိတယ်ဆိုတာ ပြချင်ပုံရပါတယ်။”

ဒါ့အပြင် ပါမောက္ခ Steinberg ကပဲ တရုတ်ဖက်က ဖိတ်ကြားရခြင်းကိုလည်း

“သမ္မတ ရှီ ဘက်ကလည်း တရုတ်အနေနဲ့ မြန်မာနိုင်ငံထဲ လုပ်ချင်တဲ့ အဓိက ကိစ္စတွေမှာ၊မြန်မာ့ တပ်မတော်ဘက်က သဘောတူမှု ရထားတယ်ဆိုတာ ပြချင်ပုံ ရပါတယ်။ ဒီကိစ္စတွေထဲမှာ ခေတ်သစ်ပိုးလမ်းမ အပြင် ကျောက်ဖြူကို ဖောက်မဲ့ မြန်နှုန်းမြင့် ရထားလမ်းတွေ ကနေ မြစ်ဆုံဆည်အထိ ပါ ပါတယ်။”

ဒါ့အပြင် တရုတ်နဲ့ မြန်မာတပ်မတော် (၂) ခုလုံးမှာ ရှိနိုင်တဲ့ ဘုံအကျိုးစီးပွားကိုလည်း ပါမောက္ခ Steinberg က

“ဒါက တရုတ်နဲ့ မြန်မာ့ တပ်မတော်တို့ အနေနဲ့ သူတို့ ဘုံအကျိုးစီးပွား အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုပါ သဘောတူလာအောင် လုပ်တဲ့ အနေအထားထိ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”

ဒါပေမဲ့ ဒီခရီးစဉ်ဖြစ်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကျိုးစီးပွားက ပိုများနိုင်တယ်လို့ ပါမောက္ခ Steinberg က ဆက်ပြောပါတယ်။

“ဒီကိစ္စမှာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား မယုံကြည်မှုတွေ ကြီးကြီးမားမား ဖြစ်နေချိန်မှာ၊ သူ့ဖက်က တရုတ်သမ္မတကို ဦးအောင် ပြောနိုင်ဖို့အတွက် ပို အာသီသရှိဖို့ များပါတယ်။”

မြန်မာ့အရေး သုံးသပ်သူနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံမှူးဟောင်း Priscilla Clapp ကတော့ ဒီခရီးစဉ် ဖြစ်လာရပုံကို

“ဒီခရီးစဉ် ဖြစ်လာတာက မကြာခင်ကျင်းပမဲ့ ခေတ်သစ် တရုတ် ပိုးလမ်းမ ထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်သမ္မတနဲ့ မတွေ့ခင်မှာ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ အရင်ကြိုတွေ့ချင်တဲ့ အတွက် ခုလို စီစဉ်ခဲ့ကြပုံရပါတယ်။”

Priscilla Clapp ကဆက်ပြီး အရင် ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံ လာလည်တုန်း ကလည်း ကာကွယ်ရေး ဦးစီးချုပ်က ရန်ကုန်ဆင်းပြီး ခုလို ဦးအောင် သွားတွေ့ခဲ့ဘူးတယ်လို့ ထောက်ပြလိုက်ပါတယ်။

ဒါပေမဲ့ အမေရိကန် အခြေစိုက် Stimson အဖွဲ့က တရုတ်ဌာန ညွန်ကြားရေးမူး Yun Sun က တရုတ်ဖက် ကတော့ ဒီ နှစ်ဖက်လုံးကို မျှအောင် ဆက်ဆံတာပါလို့ ဆိုပါတယ်။

“တရုတ်အနေနဲ့ မြန်မာ အရပ်သား အစိုးရနဲ့ မြန်မာတပ်မတော် အကြားမှာ မျှအောင် ဆက်ဆံနေရတဲ့ သဘောပါ။ NLD အရပ်သား အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတာကို ပြတဲ့ တချိန်တည်းမှာပဲ၊ တရုတ်ရဲ့ မိတ်ဆွေဟောင်း မြန်မာ တပ်မတော်ကိုလည်း နောက်ချန် မထားဘူး ဆိုတာကို ပြတာပါ။”

အဲဒီတော့ အခု ဆွေးနွေးပွဲမှာ သမ္မတ ရှီ ဖက်က မြန်မာနယ်စပ် လုံခြုံရေး ပိုကောင်းအောင် လုပ်ပေးဖို့ ပြောတာကို Priscilla Clapp က

“မြန်မာ တပ်မတော်နဲ့ တရုတ်နဲ့ ဆက်ဆံရေးက လောလောဆယ်မှာ သိပ် မကောင်းလှဘူးလို့ ခံစားမိပါတယ်။ အထူးသဖြင့် မြန်မာ နယ်စပ်မှာ မကြာခင် နှစ်တွေအတွင်း တပ်မတော်ဖက်က လုပ်ဆောင်နေတာ တွေကို သဘောမကျတဲ့ သဘောပေါ့။ အထူးသဖြင့် တိုက်ပွဲတွေ ကနေ တရုတ်ပြည်ဖက်ကို ကျော်ပြီး ထိခိုက်လာတာတွေ အတွက်ပေါ့နော်။ဒါကြောင့် တရုတ်ဖက်က လာတဲ့ သတင်းတွေမှာ သမ္မတ ရှီ ဘက်က မြန်မာ ကာကွယ်ရေး ဦးစီးချုပ်ကို နယ်စပ်မှာ ဒီထက် ပိုကောင်းအောင် လုပ်ဖို့ ပြောခဲ့တာ မထူးဆန်းပါဘူး။”

ဒါ့အပြင် ဒီဆွေးနွေးပွဲမှာပဲ သမ္မတ ရှီဖက်က ခေတ်သစ် တရုတ်ပိုးလမ်းမကြီး တိုးတက်မူရှိနေတဲ့ အကြောင်းကို ချီးကျူး ပြောကြားခဲ့တဲ့ အပေါ် Priscilla Clapp က

“သမ္မတ ရှီ ဘက်ကတော့ ဒီအပေါ် တိုးတက်မှုရှိတာကို မြင်ချင်ပုံ ရပါတယ်။ ဒါပေမဲ့ တိုးတက်မှု ဆိုတာ ဘယ်လို ဆိုလိုတာလဲ ပေါ့နော်။ တရုတ်ဖက် ဆိုလိုချင်တာ ကတော့ ရှင်းပါတယ်။ ဒါပေမဲ့ နေပြည်တော်က မြန်မာအစိုးရ အတွက်ကတော့ ဒီ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းအပေါ် အထူး စိုးရိမ်ချက်တွေ ရှိနေတာ တွေ့နေရပါတယ်။”

အခုလို မြန်မာဖက်က တရုတ် ပိုးလမ်းမအပေါ် တုံ့ဆိုင်းနေတာကို တရုတ်ဖက်က ဒီတစ်ခေါက် တွန်းအားပေးချင်တဲ့ သဘော လည်း ပါတယ်လို့ Yun Sun က ဆိုပါတယ်။

ဒါ့အပြင် အန္ဒိယ နိုင်ငံနဲ့ စစ်ရေး ဆက်ဆံမူတွေ မြန်မာနိုင်ငံမှာ ပိုများလာနိုင်တဲ့ အပေါ် တရုတ်ဖက်က စိုးရိမ်ပြီး ဖိတ်တာ ဖြစ်နိုင်ပါလားလို့ မေးရာမှာ Yun Sun က တရုတ်-မြန်မာ ဆက်ဆံရေးက အများကြီး ပိုကြီးတယ်လို့ ဆိုပါတယ်။

တကယ်တော့ မြန်မာနိုင်ငံ အနေနဲ့ ရခိုင်ပြဿနာ တွေကြောင့် နိုင်ငံတကာ ဖိအားတွေ ခံရပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ကျဲလာပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်လာချိန်မှာ ဒီ ခရီးစဉ် ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG