မတရားအသင်းဆက်သွယ်မှုနှင့် တရားစွဲခံထားရသော ရှင်းလက်ဝကျေးရွာသားတို့အမှု လိုပြသက်သေ ၄ ဦး စစ်ဆေးပြီးစီး

အဆိုပါအမှုကို ကျောက်တော်အခြေစိုက် ၃၇၅ တပ်ရင်းမှ ဗိုလ်မှူးနိုင်အောင်ဖြိုးက တရားလိုလုပ်ကာ ကျောက်တော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ရာမှ ယင်းတရားရုံးတွင် ရုံးထုတ်ရန် လုံခြုံရေးအခက်ခဲများ ရှိသည့်အတွက် ပြီးခဲ့သည့် မေလက စစ်တွေမြို့နယ်တရားရုံးသို့ လွှဲပြောင်းကာ စစ်ဆေးနေခြင်းလည်းဖြစ်သည်။

03 Jul 2019

ဓာတ်ပုံ - တင်ထွန်းအောင်

ခိုင်ရိုးလ | DMG

ဇွန် ၃၊ စစ်တွေ

မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)(၂) နှင့် တရားစွဲဆိုခံထားရသော ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာသား ၁၃ ဦးအမှုတွင် ယနေ့ ဇွန်လ ၃ ရက်နေ့မှာ စစ်တွေမြို့နယ် တရားရုံး၌ တရာလိုပြသက်သေ ၄ ဦးကို စစ်ဆေးပြီးစီးပြီဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေများကပြောသည်။

ယနေ့ ၁၃ ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေများဖြစ်သော ရှင်းလက်ဝ အုပ်ချုပ်ရေးမှူးနှင့် ရှင်းလက်ဝ စခန်းမှူးတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ရုံးချိန်းတို့က ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ကို စစ်ဆေးပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေဦးထွန်းလှက ပြောသည်။

ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေများက ရှင်းလက်ဝကျေးရွာမှ ထောင်ဒဏ်ကျခံနေသူ ၃ ဦး၏ ထွက်ဆိုချက်အရ တရားစွဲရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ရှေ့နေဦးထွန်းလှက ပြောသည်။

“ရှင်းလက်ဝ စခန်းမှူးထွက်ဆိုချက်ကတော့ အခုလူတွေကို ပထမ ထောင်ကျသွားတဲ့ (၃) ဦးရဲ့ ထွက်ဆိုချက်အရ တရားစွဲတာဖြစ်တယ်လို့ ထွက်ဆိုတယ်” ဟု ရှေ့နေ ဦးထွန်းလှက ပြောသည်။

စခန်းမှူး၏ ထွက်ဆိုချက်တွင် ပါရှိသည့် ရှင်းလက်ဝကျေးရွာသား (၃) ဦးမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)(၂) တို့ဖြင့် ပလက်ဝမြို့နယ် တရားရုံးမှ ပြီးခဲ့သည့် ဧပြီလက ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသူများဖြစ်ကြောင်း ဦးထွန်းလှက ပြောသည်။

ထောင်ဒဏ်ကျခံနေရသူ ၃ ဦးတို့၏ ထွက်ဆိုချက်အရ ယခု ၁၃ ဦးတို့မှာ AA အဖွဲ့အပေါ် အားပေးထောက်ပံ့မှု၊ ကူညီပေးမှု စသော အကြောင်းပြချက်များကြောင့် တရားစွဲခံရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ညှဉ်းပမ်းနှိပ်စက်ပြီး စစ်ဆေးခံရတဲ့အခါ သူတို့က မခံနိုင်တဲ့အချိန်မှာ ရတဲ့နာမည်တွေကို အကုန်လုံး လျှောက်ပြောတာတွေ ရှိမယ်။ အဲဒီလိုမှ သူတို့က သက်သာတာ။ အဲဒီ ၃ ဦးရဲ့ထွက်ဆိုချက်တွေမှာပါတဲ့ လူတွေကို ဖမ်းပြီးတော့ အခုလို တရားစွဲလိုက်တာ” ဟု ရှေ့နေ ဦးထွန်းလှက ပြောသည်။

ယခု တရားရင်ဆိုင်နေရသည့် ၁၃ ဦးတို့မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှ ၁၁ ဦးနှင့် ၎င်းတို့ တည်းခိုခဲ့သည့် ကျောက်တော်မြို့နေအိမ်မှ အိမ်ရှင်လင်မယား ၂ ဦးတို့ဖြစ်သည်။

ရှင်းလက်ဝရွာသား ၁၁ ဦးမှာ မေလက ကျောက်တော်မြို့မှာရှိသော ဆွေမျိုးနေအိမ်သို့ အလည်အပတ် ရောက်လာသူများနှင့် နယ်မြေမလုံခြုံသည့်အတွက် စစ်ဘေးရှောင်အဖြစ် လာရောက်ခဲ့ကြရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံ မိသားစုဝင်များက ပြောသည်။

အဆိုပါအမှုကို ကျောက်တော်အခြေစိုက် ၃၇၅ တပ်ရင်းမှ ဗိုလ်မှူးနိုင်အောင်ဖြိုးက တရားလိုလုပ်ကာ ကျောက်တော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ရာမှ ယင်းတရားရုံးတွင် ရုံးထုတ်ရန် လုံခြုံရေးအခက်ခဲများ ရှိသည့်အတွက် ပြီးခဲ့သည့် မေလက စစ်တွေမြို့နယ်တရားရုံးသို့ လွှဲပြောင်းကာ စစ်ဆေးနေခြင်းလည်းဖြစ်သည်။

ယခုအမှုတွင် တရားလိုပြသက်သေ ၁၃ ထိရှိပြီး လက်ရှိတွင် ၄ ဦးကိုသာ စစ်ဆေးပြီးစီးခြင်းလည်း ဖြစ်သည်။

 

ဗီဒီယိုများ