ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ဆုံးဖြတ်ချက် ချမှတ်ရာတွင် တပ်မတော် သဘောထားမပါဘဲ အစိုးရက ဆုံးဖြတ်ခွင့်မရှိ ဖြစ်နေ သည်ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စတီကျု(MIPS) မှ အလုပ် အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦး က ပြောသည်။
ရန်ကုန်မြို့ Melia ဟိုတယ်တွင် ဧပြီ ၂ ရက်က MIPS ၏ ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ သုံးသပ်ချက် အစီ ရင် ခံစာ မိတ်ဆက်ပွဲ၌ ပြောခြင်း ဖြစ်သည်။
တပ်မတော်နှင့် ပတ်သက်ပြီး ပြန်လည် သုံးသပ်သည့်အခါ အစိုးရ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွင် တပ်မတော်က အပြည့် အဝ ပါဝင်နေကြောင်း၊ အစိုးရက ခေါ်ယူသည့် အစည်းအဝေးများကို တပ်မတော်က တက်ရောက်လေ့ ရှိကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုပိုင်းလည်း အားကောင်းကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောဆိုသည်။
၎င်းက“တဖက်ကလည်း ကျနော်တို့ ပြန်ကြည့်တဲ့ အခါမှာ တပ်မတော်က ပူးပေါင်း ဆောင်ရွက်မှုတွေ ဘယ်လောက် ရှိရှိ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့ ကိစ္စတွေ ဖြစ်လာရင် သူ့သဘော မပါဘဲနဲ့ ငြိမ်းချမ်းရေးမှာ ဆုံးဖြတ်လို့ မရဘူးလို့ တပ်မတော်က ကိုင်ထားတယ်။ လုပ်ငန်းစဉ် အပေါ် ဆုံးဖြတ်ချက် ချမှတ်မှု ဗီတို အာဏာက တပ်မတော် အပေါ်မှာ ရှိတယ် ဆိုတာ ကျနော်တို့ သွားတွေ့ရတယ်”ဟုလည်း ပြောသည်။
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဦးဆောင် နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဒေါက်တာ မင်းဇော်ဦး သုံးသပ်ချက် မှန်ကန်ကြောင်း၊ သို့သော်လည်း တပ်မတော်သည် အစိုးရကို ကျော်လွန်ပြီး ဆုံးဖြတ်ချက် ချမှတ်မှု မရှိသလို အစိုးရကလည်း တပ်မတော်အား ကျော်လွန်ပြီး ဆုံးဖြတ်ချက် ချမှုများလည်း မရှိကြောင်း ဆိုသည်။
အစိုးရသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် လက်နက် ကိုင် အဖွဲ့များ NCA လုပ်ငန်းစဉ်ထဲသို့ ရောက်ရှိရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်နေသကဲ့သို့ ၂၀၂၀ မတိုင်ခင် ဖက်ဒရယ် နှင့် ပတ်သက်သည့် အခြေခံမူများ ရရှိရေးကို ရည်မှန်းချက်ထားကာ ဖော်ဆောင်နေသော်လည်း စိန်ခေါ်မှုများ ရှိနေကြောင်း MIPS ၏ အစီအရင်ခံစာတွင် ဆိုထားသည်။
ဒေါက်တာ မင်းဇော်ဦးက“ပထမ စိန်ခေါ်မှုကတော့ အစိုးရနဲ့ တပ်မတော်ကြားမှာ ဘယ်လို ဖက်ဒရယ်မျိုး သွားမလဲ ဆိုတဲ့ အခြေခံမူတွေ အပေါ်မှာ ဘုံ ရပ်တည်ချက်၊ ဘုံ သဘောတူညီချက်တွေကို မထုတ်နိုင်တာ အခက်အခဲ ရှိတယ်။ နောက် အခက် အခဲ တခုကတော့ အစိုးရကနေ ငြိမ်းချမ်းရေးကို ဦးဆောင်သွားရတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ အစိုးရကနေပြီးတော့ ပဋိပက္ခ ဖြစ်တဲ့ ၂ ဖက်ကြားထဲမှာ ကမကထ လုပ်တဲ့ ပုံစံမျိုး ဖြစ်လာတဲ့အခါ မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကို ဦးဆောင်တဲ့ အခန်းကဏ္ဍက တထစ်လျော့သွားတယ် ဆိုတာလည်း ကျနော်တို့ သုံးသပ်လို့ ရပါတယ်”ဟု ပြောဆိုသည်။
၂၁ ရာစု ပင်လုံ တတိယ အကြိမ် အပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သည့် ထိပ်သီး အစည်းအဝေးပွဲ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်များကို သဘောမကျသည့် အတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ နောက်ပိုင်း အစည်းအဝေးများတွင် တက်ရောက်ခြင်း မရှိတော့ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောသည်။
၎င်းက“ဒေါက်တာ မင်းဇော်ဦး ပြောတာ အမှန်တရား တချို့ပါတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောတာ မှန်ပါ တယ်။ အဓိက ဖြစ်တာက ပြည်ထောင်စုမှ ခွဲမထွက်ပါဘူး ဆိုတာက ကတိခံခိုင်းတာ။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံတယ်၊ NCA ကို လက်ခံတယ် ဆိုကတည်းက ခွဲမထွက်ပါဘူး ဆိုတာ လက်ခံတာပဲ ဆိုတာ ရှိပြီးသား။ ဒါကို တပ်မတော်က ထပ်ပြီး တောင်းဆိုနေတော့ ဆွေးနွေးပွဲတွေက လိုရာ မရောက်တော့ဘူး။ အဲဒီကတည်းက စပြီး ၂၁ ရာစု ပင်လုံတွေ ရပ်သွား တယ်” ဟုလည်း ပြောဆိုသည်။
ဦးသိန်းစိန် လက်ထက်က တပ်မတော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အစိုးရ၏ ဦးဆောင်မှုဖြင့် ပါဝင်လာသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင် သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌မူ တပ်မတော်သည် ပူးပေါင်း ဆောင်ရွက်နေသော်လည်း ဆုံးဖြတ်ချက် ချမှတ်ခွင့် များကို ပေးအပ်မှု မရှိကြောင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်နေသူများ က ပြောသည်။
အလားတူ NLD အစိုးရသည် ဦးသိန်းစိန် လက်ထက်က ဖွဲ့စည်းထားသော နိုင်ငံရေးနှင့် လုံခြုံရေး ဆိုင်ရာ နောက်ဆုံး ဆုံးဖြတ်ချက် ပေးနိုင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဗဟိုကော်မတီ (UPCC) အား ဖျက်သိမ်းထားခြင်း ကြောင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေကြောင်းလည်း ပြောဆိုကြသည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက UPCC ကော်မတီ သို့မဟုတ် UPCC ကော်မတီ နည်းတူ ဆုံးဖြတ်ပိုင် ခွင့်ရှိသော ကော်မတီ တရပ်ကို ဖွဲ့စည်း၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သွားရန် လိုလားနေကြကြောင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွင် ပါဝင်နေသူ အမည်မဖော်လိုသူ တဦးက ဆိုသည်။
ထို့ပြင် စတုတ္ထ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး မကျင်းပနိုင်ဘဲ ဖြစ်နေရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှေးကွေး နေ ကြောင်း၊ ထိုသို့ နှေးကွေးသွားရခြင်းကလည်း ခွဲမထွက်ရေး ကတိပြုပေးရန်နှင့် တခုတည်းသော တပ်မတော်ကို လက်ခံ ပေး ရန် တပ်မတော်ဘက်က တောင်းဆိုနေသည့် အပေါ် အဖြေမရှာနိုင်သေးဘဲ ဖြစ်နေခြင်းကြောင့်ဟု ၎င်းက ပြောသည်။
ဒေါက်တာ မင်းဇော်ဦးက“တပ်မတော် အနေနဲ့ ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ လုပ်တဲ့အခါမှာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ ညှိနှိုင်းမှုတွေ အများကြီး အလျှော့ပေးခဲ့ရတာတွေ တွေ့ရတယ်။ ဒါပေမယ့် ၂၀၁၈ ကျတော့ ပြောင်းပြန် ဖြစ်သွားတယ်၊ စစ်ရေး အရ သူတို့ အများကြီး အလျှော့ပေးခဲ့တယ်။ နိုင်ငံရေးဘက်မှာ ကျတော့ တပ်မတော်က သူ့ရဲ့ ဆွေးနွေးချက်တွေ ကို ကြည့်လိုက်ရင် အလျှော့ပေးတာ နည်းတဲ့ပုံ တွေ့ရတယ်။ သူက အမာလိုင်းယူပြီးတော့ သူ့ရဲ့ရပ်တည်ချက်နဲ့ပဲ ကိုင်ပြီး တော့ ဆွေးနွေးသွားတာ တွေ့ရတယ်။၂၁ ရာစု ပင်လုံ တတိယ အကြိမ် ရလဒ်က သိပ်ကောင်းကောင်း မတွေ့ရဘူး”ဟု လည်း ပြောဆိုသည်။
လက်ရှိတွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ် မထိုးရသေးသော လက်နက် ကိုင် အဖွဲ့များ ပါဝင် လက်မှတ်ရေး ထိုးရန် အစိုးရက ကြိုးပမ်းလျက်ရှိ သလို NCA မထိုးရသေးသည့် နာဂ အမျိုးသား ဆို ရှယ်လစ် ကောင်စီ-ကပ္ပလန် (NSCN-K)မှ ခေါင်းဆောင် ၅ ဦးကို တပ်မတော်က ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် အရေးယူထား ခြင်းများလည်း ရှိနေသည်။
ထို့ပြင် NCA ထိုးထားသည့် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ တရားဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသို့ ပါဝင်လာရေး ကြိုးပမ်းရန် လိုအပ်သကဲ့သို့ မြေပြင်တွင် တပ်မတော် နှင့် ထိတွေ့ တိုက်ပွဲများ မဖြစ်ပွားလာရေး ကိုလည်း ထိန်းသိမ်းပေးရန် လိုအပ်နေကြောင်းလည်း အဖွဲ့အစည်း များ က ပြောဆိုကြသည်။