စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ရှိ အထက်ကျောင်းတွင် ရန်ကုန်မှ ဇီးကုန်းသို့ ပြန်လာပြီး Quarantine ဝင်နေသူ အမျိုးသား ၁ ဦးထံမှ မူးယစ်ဆေးဝါး ဖမ်းဆီး ရမိသည်ဟု သိရသည်။
ထို အမျိုးသားသည် ရန်ကုန်မှ ပြန်လာကာ ၂၁ ရက် Quarantine ဝင်နေရာမှ ၂၀ ရက်မြောက်တွင် မူးယစ်ဆေးဝါး ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
ဦးဝင်းအောင် က “သူ ရန်ကုန်ကနေ ပြန်လာကတည်းက စောင့်ကြည့်ရေး ဝန်ထမ်းတွေက အကဲခတ်မိတယ်။ တရက် ကျတော့ သူ့အခြေအနေ ဆိုးနေတဲ့အချိန် အပြင်ကနေ အိမ်သာထဲကို အထုတ်ပစ်လိုက်တာ တွေ့တယ်။ အိမ်သာအထွက် စစ်လိုက်တော့ သူ့ခါးပိုက်ထဲမှာ ပင်နယ်စလင် ပုလင်းနဲ့ နံပါတ်ဖိုးတွေ့တာ”ဟု ပြောပြသည်။
အမှု ကွင်းဆက် အနေဖြင့် အထုပ် ပစ်ပေးသူမှတဆင့် စုံစမ်းရာတွင် ရောင်းချသူကိုပါ ဖမ်းဆီး ရမိထားပြီး အဆိုပါ ရောင်းဝယ် သုံးစွဲသူ ၃ ဦးစလုံးကို ဇီးကုန်းမြို့ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(ဃ) အရ အရေးယူထားပြီး တရားခံကို သီးခြားချုပ်ထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ပုဒ်မ ၁၆ (ဃ)အရ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၅ နှစ်၊ အများ ဆုံး ၁၀ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
ဇီးကုန်း အထက်တန်း ကျောင်းတွင် COVID-19 ကာကွယ်ရေး အတွက် ထိုအမျိုးသား အပါအဝင် လက်ရှိ Quarantine ဝင်နေသူ ၂၀ ခန့်ရှိ ကြောင်း သိရသည်။
ယင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီက ဇီးကုန်းမြို့နယ် ရဲစခန်းမှူးအား မေးမြန်းရာတွင် လွှတ်တော် ကိုယ်စားလှယ်ကို သာ မေးမြန်းပါဟု ပြန်လည် ဖြေကြားသည်။
ထို့ပြင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို ဧရာဝတီက မေးမြန်းသည့် အခါတွင်လည်း အချက်အလက်များ မှားယွင်း မည် စိုးရိမ်သဖြင့် အစည်းအဝေး ပြီးမှ ပြန်ပြောပါမည်ဟု ပြောကြားသည်။
တရားခံအား ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့် ချိုးဖောက်သည့် ဥပဒေဖြင့် အရေးယူရန် ရှိ၊ မရှိ မေးမြန်းရာတွင် စစ်ကိုင်း တိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမိုးကျော်သူက ၎င်းသည် ဒေသန္တရအမိန့်ကို ချိုးဖောက်ခြင်း မရှိသဖြင့် အရေးယူမည် မဟုတ်ပါဟု ဆိုသည်။
ဝန်ကြီး ဦးမိုးကျော်သူက“ဒေသန္တရ အမိန့်ကျတော့ ထုတ်ပြန်ထားတဲ့ အမိန့်ကို နာခံ၏၊ မနာခံ၏အပေါ်မှာ မူတည်ပြီး အရေး ယူ တယ်။ ဒီလို အမိန့်ထုတ်ပြန်တာက ကျနော့်အနေနဲ့ လိုက်နာအောင် ကြပ်မတ်ပေးတာပဲ ရှိပါတယ်။ တိတိကျကျကြီး မဟုတ်ပါဘူး။ ရာဇဝတ်မှုတွေ မဖြစ်အောင် ထိန်းချုပ်တဲ့ သဘောပါ”ဟု ပြောသည်။
ကန့်ဘလူမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာ အုပ်စုပေါင်း ၁၀၁ ခု၊ လူဦးရေအားဖြင့် ၃ သိန်း ၅ သောင်းကျော်ရှိပြီး ဒေသန္တရ အမိန့် ချိုးဖောက်သဖြင့် အရေးယူထားသည့် အမှုပေါင်း ၄ မှု ရှိသည်ဟု သိရသည်။
You may also like these stories:
ဧရာဝတီတိုင်း ညမထွက်ရအမိန့် ၂ လ ထပ်မံ တိုးမြှင့်
ညောင်ဦးတွင် ညမထွက်ရအမိန့် ချိုးဖောက်သူ ၅ ဦး ထောင် ၃ လစီ ချမှတ်
မင်းပြား ပစ်ခတ်မှု ၄ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ