သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းအရေး ကန်လွှတ်တော်အမတ်အကြံပြုချက် Sheikh Hasina ပယ်ချ


 ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်မပေးနိုင်တဲ့အတွက် သူတို့အများစု နေထိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကို လွဲှပြောင်းပေးလိုက်ဖို့ ဝါရင့် အမေရိကန် အောက်လွှတ်တော်အမတ်တဦးရဲ့ အကြံပြုချက်ဟာ မှားယွင်းပြီး ဆိုးရွားတဲ့ အဆိုပြုချက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က တနင်္လာနေ့က ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောကြားခဲ့ပါတယ်။

သူရဲ့ ငါးရက်ကြာ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်နဲ့ ပတ်သက်လို့ ဇူလိုင်လ ၈ ရက်နေ့က ဒါကာမြို့တော် ဝန်ကြီးချုပ်အိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Hasina က အဲဒီလို ပြောသွားတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ရိုဟင်ဂျာ ပြဿနာဖြေရှင်းဖို့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဘင်္ဂလားဒေ့ရှ်ဘက် လွဲှပြောင်း ပေးလိုက်ဖို့ အမေရိကန် အောက်လွှတ်တော် အာရှ-ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဌ ဝါရင့် ဒီမိုကရက် အောက်လွှတ်တော်အမတ် Bradley Sherman ရဲ့ အကြံပြုပြောဆိုချက်နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ သဘောထားကို သတင်းထောက်တွေက မေးမြန်းရာမှာ အခြားနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နက်ကို ဘင်္ဂလားဒေ့ရှ်နယ်မြေအဖြစ် သတ်မှတ်ဖို့ဆိုတဲ့ ဘယ်လို အကြံပြုချက်မျိုးမဆို သူ့အနေနဲ့ လက်မခံကြောင်း ဝန်ကြီးချုပ်က အခုလို တုံ့ပြန်ခဲ့ပါတယ်။

“ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကိုယ့်နိုင်ငံကိုယ့်ပိုင်နက်ကို ကျေနပ်ပျော်ရွှင်နေပါတယ်။ အခြားဘယ်နိုင်ငံရဲ့ နယ်မြေပိုင်နက်ကို ဘင်္ဂလားဒေ့ရှ်ထဲ ဆွဲသွင်းဖို့ဆိုတဲ့ အကြံပြုချက်ကို ကျမတို့ လုံးဝလက်မခံနိုင်ပါဘူး။ နိုင်ငံတိုင်းမှာ ကိုယ်ပိုင်အချုပ်အခြာအာဏာ ကိုယ်စီရှိကြပါတယ်။ ဘာဖြစ်လို့ သူတို့က ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်ထဲ ဆွဲထည့်ချင်ရတာလဲ။”

ဇွန်လ ၁၃ ရက်နေ့က အမေရိကန်အောက်လွှတ်တော်မှာ အမေရိကန်အစိုးရရဲ့ ၂၀၂၀ ပြည့်နှစ်အတွက် တောင်အာရှဆိုင်ရာ ဘတ်ဂျက်လျာထားချက် ကြားနားပွဲကို ပြုလုပ်ရာမှာ အောက်လွှတ်တော် အာရှ-ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဌ ဝါရင့် ဒီမိုကရက် အောက်လွှတ်တော်အမတ် Bradley Sherman က အဖွင့်မိန့်ခွန်း ပြောရာမှာ- ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေရဲ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်မယ့် အုပ်ချုပ်မှုမျိုး မြန်မာအစိုးရက မလုပ်နိုင်ဘူးဆိုရင် အဲဒီဒေသအစိတ်အပိုင်းကို ရိုဟင်ဂျာ ဒုက္ခသည်တွေ ကို အကူအညီပေးဖို့ စိတ်ဆန္ဒရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်လွဲှပြောင်းပေး တာကို အမေရိကန်အစိုးရ အနေနဲ့ ထောက်ခံသင့်တယ်လို့ အကြံပြုခဲ့တာဖြစ်ပါတယ်။ အခုလို အမေရိကန်အောက် လွှတ်တော်အမတ် Sherman ရဲ့ တင်ပြချက်ဟာ မှားယွင်းပြီး ဆိုးရွားတဲ့ အကြံပြုချက်ဖြစ်ကြောင်း Hasina က ပြောပါတယ်။

“ဒီလိုမျိုး အောက်လွှတ်တော်အမတ်ရဲ့ အကြံပြုချက်ဟာ မှားယွင်းပြီး၊ ဆိုးရွားတဲ့ ကိစ္စဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြဿနာတွေရှိနေပြီး ဒါတွေကို ကျမတို့က ဘင်္ဂလားဒေ့ရှ်ထဲ ဘာကြောင့် ဆွဲသွင်းရမှာလဲ။မြန်မာနိုင်ငံက သူတို့ရဲ့လူတွေ ဘေးလွတ်ရာခိုလှုံဖို့ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာခဲ့ချိန်မှာ ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့ကို လူသားချင်းစာနာမှုအခြေခံပေါ်မှာပဲ စဉ်းစားပြီး ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ အခြားနိုင်ငံရဲ့ အစိတ်အပိုင်းကို ကျမတို့ပိုင်နက်ထဲ ဆွဲသွင်းဖို့ မဟုတ်ပါဘူး။ အခုလို အကြံပြုတဲ့ အမေရိကန် အောက်လွှတ်တော်အမတ်အနေနဲ့ အခုလိုပြောမယ့်အစား ရိုဟင်ဂျာဒုက္ခသည်တွေ မကြာခင် သူတို့နေရပ်ရင်း ပြန်နိုင်ရေး မြန်မာကို ဖိအားပေး ပြောဆိုသင့်ပါတယ်။”

မြန်မာအနေနဲ့ သူတို့ရဲ့ တာဝန် ဝန်ထုတ်ဝန်ပိုးတွေကို ဘင်္ဂလားဒေ့ရှ်ကို ပုံချထားပေမဲ့လည်း တင်းမာတဲ့ သဘောထားကို ရှေ့တန်းမတင်ပဲ မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုပဲ သူ့အနေနဲ့ ထိန်းသိမ်းထားကြောင်း Sheikh Hasina က ဆိုပါတယ်။ ဒါအပြင် အခု ဇူလိုင်လ ၁-၅ ရက်နေ့အထိ တရုတ်နိုင်ငံကို သွားခဲ့တဲ့ ငါးရက်ကြာခရီးစဉ်အတွင်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ ဘင်္ဂလားဒေ့ရှ်ကို ကူညီပံ့ပိုးသွားမယ်လို့ တရုတ်အစိုးရက အသေအချာပြောလိုက်ကြောင်း သူက အခုလို သတင်းထောက်တွေကို ပြောပါတယ်။

“တရုတ်ဟာ မြန်မာနဲ့ဆက်ဆံရေး ပိုပြီးနီးစပ်ကောင်းမွန်ပါတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် မြန်မာအစိုးရကို တရုတ်က ပြောမယ်ဆိုတာ သေချာပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ တရုတ်က လက်တွဲဆောင်ရွက်မယ်ဆိုတာ တရုတ်အစိုးရက အတိအကျပြောခဲ့ပါတယ်။ ဒါဟာ ကျမတို့အတွက် ကောင်းတဲ့သတင်း မဟုတ်ဘူးလား။”

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ရဲ့ ငါးရက်ကြာ တရုတ်ခရီးစဉ်ကို တရုတ်ဝန်ကြီးချုပ် Li Keqiang က ဖိတ်ကြားခဲ့တာပါ။ ဒါ့အပြင် Sheikh Hasina ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း တရုတ်နိုင်ငံမှာပြုလုပ်တဲ့ နွေရာသီ Davos ကမ္ဘာ့စီးပွားရေးညီလာခံကို ဇူလိုင်လ (၂)ရက်နေ့က တက်ရောက်ခဲ့သလို ဇူလိုင်လ ၄ ရက်နေ့၊ ၅ ရက်နေ့တွေမှာ တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့ သမ္မတ Xi Jinping တို့ နဲ့ ဘေဂျင်းမြို့တော်မှာ သီးခြားစီတွေ့ဆုံပြီး တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်း တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ချေးငွေစာချုပ်နှစ်ခုအပါအဝင် စာချုပ် (၉)ခုကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီထဲမှာ နှစ်နိုင်ငံ စွမ်းအင်၊ ရေ အရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနဲ့ နှစ်နိုင်ငံကြားခရီးသွားလာမှုအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဆန်တန်ချိန် ၂၅၀၀ ပေးလှူဖို့ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG