စစ်ဘေးရှောင်ရာချီရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ

106

ဒီဇင်ဘာ၊ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့က စစ်ဘေးရှောင် ၂၆၀ ကျော်ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ပြောပါတယ်။

နမ့်ခမ်းမြို့၊ ပေါက်တိုက်မရပ်ကွက်က ဇေယျသုခဘုန်းတော်ကြီးကျောင်းဝင်းထဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကိုရင်ငယ်တစ်ပါး ကျဉ်စထိမှန်ခဲ့ပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးမှု အများအပြားရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက ပြည်သူတွေအစုအလိုက်အပြုံလိုက် ရှိတဲ့နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေတိုက်ခိုက်လေ့ရှိပြီး အဲဒီလိုတိုက်ခိုက်မှုကြောင့် ပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိနေပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြောဆိုအပြီး စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ ပစ်ခတ်မှုတွေ ပိုလုပ်လာတဲ့အပြင် ပြည်သူတွေကိုပါ ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အာဏာလက်လွှတ်ဖို့ လက်တစ်လုံးအလိုကို ရောက်နေတဲ့ စစ်ကောင်စီဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို အဓိကထားတိုက်ခိုက်နေတယ်လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြည်သူတွေဆီ ဒီကနေ့မနက် သတင်းစကားပါးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here