မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက ပြန်ပစ်လို့ အမျိုးသား ၂ ဦးသေဆုံး

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက ပြန်ပစ်လို့ အမျိုးသား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၅ ရပ်ကွက်၊ ဘုန်းကြီးကျောင်းအနီးမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရပြီးနောက် အနီးတဝိုက်ကို ပစ်ခတ်တဲ့အတွက် ပြည်သူ ၂ ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် မနေ့ကညနေ ၆ နာရီခန့်မှာ ရွှေဘိုမြို့ထဲကနေ အင်အား ၁၅၀ ခန့်နဲ့ သံလမ်းအတိုင်း ခြေလျင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်း ၂၇ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"အဲ့ဒီဘက်ခြမ်းမှာ မိုင်းကွင်းတွေက ဆင်ပြီးသားပါ။ မနေ့က စကစ အဖွဲ့တွေလာတော့ မိုင်းဆွဲခဲ့တာပဲ ရှိတယ်။ ပြန်လည်ပစ်ခတ်တာတွေ ကျနော်တို့ဘက်က မလုပ်ခဲ့ဘူး။ သူတို့ဘက်ကပဲ ပစ်ခတ်သွားတာ"လို့ တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးကြီးကပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးသူတွေရှိခဲ့ပြီး ဒိုင်နာကားတွေနဲ့ လေ့ကျင့်ရေး ၈ ဘက်ကို ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သေဆုံးမှုအရေအတွက်ကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင် သေးပါဘူး။ 

မိုင်းဆွဲခံရချိန်မှာ စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ခံရတဲ့နေရာနဲ့ ပေ ၃၀၀ အကွာရှိ “ရွှေနဒီ” လက်ဖက်ရည်ဆိုင်အနီးကို ပစ်ခတ်ရာ ဆိုင်မှာထိုင်နေတဲ့ ကိုရွှေသန်း ၅၅ နှစ်နဲ့ အသက် ၂၅ နှစ်အရွယ် လူငယ် ၁ ဦးတို့ ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၂ ဦးဟာ ခေါင်းနဲ့ ရင်ဘက်တွေမှာ ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြတာပါ။ 

လက်ရှိမှာတော့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာနဲ့ လက်ဖက်ရည်ဆိုင်အနီးမှာ စစ်ကောင်စီတပ်တွေက ကင်းပုန်းချထားတယ်လို့ တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ မိုင်းလာထောင်တဲ့ PDF ၂ ဦးကို ပစ်သတ်နိုင်ခဲ့ပြီး လက်လုပ်သေနတ်တလက်နဲ့ မိုင်းအချို့ကို သိမ်းဆည်းရမိထားတယ်လို့ ရေးသားထားကြပါတယ်။

ဒီဇင်ဘာ ၂၂ ရက်ကလည်း ရွှေဘိုမြို့၊ ရွှေဘိုတက္ကသိုလ်နဲ့ မွေးမြူးရေးဇုံကြားမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #မိုင်းဆွဲ #ပစ်ခတ် #အမျိုးသားသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10