မုံရွာသို့ ဒဏ်ရာရပြီးဆေးကုရန်လာသည့် စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရ၍ ၁၅ဦးသေဆုံးဟုဆို

Black Falcon Guerrilla Forces က စစ်ကောင်စီတပ်ကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်စဥ် ရုပ်သံ မှ Screen Shot

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ညောင်ဖြူပင်ကျေးရွာတွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး ဒဏ်ရာရလာသူများကို မုံရွာမြို့တွင် ဆေးကုရန်သယ်ဆောင်လာစဥ် မိုင်းဆွဲ၍အနီးကပ်ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားခဲ့ကြောင်း Black Falcon Guerrilla Forces တပ်ဖွဲ့ခေါင်းဆောင်က မဇ္စျိမကိုပြောသည်။

“ကျနော်တို့ သူတို့လာမယ်ဆိုတာ ကြိုတင်သိရတဲ့အတွက် ရှေ့ထွက်နဲ့ ပဒေသာ မိုင်း ၂၀ကျော်နဲ့ ဖောက်ခွဲပြီး အနီးကပ် မီတာ ၁၀၀ လောက်ကနေပစ်ခတ်ခဲ့တာ စခ(စစ်ကောင်စီတပ်) က ၁၅ယောက်ကျော် သေဆုံးတယ်လို့ တိကျခိုင်မာတဲ့သတင်း ပြန်ရခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို မုံရွာမြို့အဝင် မအူဂိတ်သို့ ခေါ်ဆောင်သွားပြီး ကားပေါ်တွင် ပုံထားသည်ကို မြင်တွေ့ရကြောင်းနှင့် ဒဏ်ရာရသူများ၏ အော်ဟစ်ညည်းတွားနေသည်ကို သတင်းအရင်းမြစ်ထံက ပြန်သိရကြောင်းဆိုသည်။

မုံရွာမြို့နယ် စွမ်းရည်ထက်ဂိတ်နှင့် ညောင်ဖြူပင်ကျေးရွာမှ စစ်ကောင်စီတပ်သားများပူးပေါင်း၍ စစ်ကြောင်းထိုးလာစဥ် ဇန်နဝါရီလ ၈ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူများကို တောပုရွာမှ ပျူစောထီးများနှင့် ပူးပေါင်း၍ သယ်ဆောင်လာစဥ် ညနေ ၃နာရီအချိန်ခံတွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိနစ် ၃၀အကြာ ပစ်ခတ်မှုအတွင်း ပြည်သူများဆီမှ အဓမ္မလုယူမောင်းနှင်လာသည့် ၁၂ဘီးကားနှင့် အံစာတုံးကားပေါ်မှ စစ်ကောင်စီတပ်သား သုံးဦးသာ ဆင်းလာပြီး ပြန်လည်ပစ်ခတ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲအတွင်း မအူဂိတ်မှ ၆၀မမများဖြင့် ပစ်ကူပေးပြီး စွမ်းရည်ထက်ဂိတ်မှလည်း စစ်ကောင်စီတပ်သားများ စစ်ကူထွက်လာကြောင်း သတင်းရရှိသဖြင့် သေဆုံးသွားသူများ၏ လက်နက်များ ကောက်ယူရန် အခွင့်မသာဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Falcon Guerrilla Forces နှင့်အတူ မုံရွာခရိုင်အမှတ် (၇) တပ်ရင်း တပ်ခွဲ(၃) ၊ မုံရွာမြို့နယ် တိုက်နယ်(၄) ပကဖ နှင့် D.LC Lolcl တပ်ပေါင်း စုတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၈ရက်နေ့က မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှ စစ်ကြောင်းနှစ်ကြောင်းကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးကျဆုံးခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)