မြိတ်မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

0
93

မြိတ်၊ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်း၊ မြိတ်မြိုနယ်မှာ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာ ကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်မှာ တနင်္သာရီမြို့မှ လာတဲ့ အင်အား ၇၀ ဝန်ကျင်းပါ ခြေလျင်စစ်ကြောင်းကို တဂံတောင်ပုကျေးရွာနဲ့ ခုံမှော်ကျေးရွာကြားမှာ တော်လှန်ရေးအင်အားစု တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

တော်လှန်ရေး အင်အားစုတွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေများတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် တဂံတောင်ပုကျေးရွာက ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် စာသင်ကျောင်း ၁ ကျောင်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် လမ်းပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေအရ ဒေသခံတွေနဲ့ ခရီသွားပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ အသိပေးတိုက်တွန်းထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်‌‌ရေးအဖွဲ့-ပကဖ၊ တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ-ပကဖ)၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ နဲ့ တနင်္သာရီတိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောက်ကျား စနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာနောက်ဆုံးအပတ်မှာလည်း မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာမှာ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီ စစ်ဆေးရေးတိုးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီး ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.