စနေ၊ ဇွန်လ ၈ရက်၊ ၂၀၂၄

ရခိုင်တကျော့ပြန် စစ်ပွဲအတွင်း လူပေါင်း ၂၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သေဆုံးသူ ၁၁ ဦးရှိဟု ကုလထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

“ပေါက်တောမြို့နယ်တွင် လူဦးရေ ၁၉၀၀၀ ခန့်ဖြင့်  အများဆုံး ထွက်ပြေးနေရဟုဆို”

အပစ်ရပ်သဘောတူညီမှုကျိုးပေါက်ပြီး နိုဝင်ဘာ ၁၃ ရက်တွင်စတင်ခဲ့သည့် ရခိုင်တကျော့ပြန် စစ်ပွဲအတွင်း လူဦးရေ ၂၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် နိုဝင်ဘာ ၁၃ ရက်ကစပြီး နိုဝင်ဘာ ၁၇ ရက်အထိ ရခိုင်တွင် သေဆုံးသူ ၁၁ ဦးရှိကြောင်း  ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA)က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။ 

နိုဝင်ဘာ ၁၃ ရက်မှစကာ ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်များမှာ နိုဝင်ဘာ ၁၆ ရက်နေ့အထိ 
အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသည့် ပြည်တွင်းဒုက္ခသည်အသစ် ၂၆,၁၇၅ ဦး တိုးလာကြောင်း ရေးသားထားသည်။ 

ယင်းအနက် ပေါက်တောမြို့နယ်တွင် လူဦးရေ ၁၉၀၀၀ ခန့်ဖြင့် အများဆုံး ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရခိုင်ပြည်နယ်ထဲ မြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲတွင် ယခင်ကတည်းက ရှိနေသည့် ပြည်တွင်းဒုက္ခသည်များနှင့် ပေါင်းပါက စုစု‌ပေါင်း စစ်ဘေးရှောင် ၉ သောင်းခန့် ရှိနေပြီဟု ဆိုထားသည်။ 

ရခိုင်ပြည်နယ်ရှိ ပေါက်တောနှင့် မောင်တောမြို့နယ်များတွင် ပြင်းထန်သော လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေပြီး နိုဝင်ဘာလ (၁၃) ရက်နေ့ မှ နိုဝင်ဘာ ၁၆ ရက်နေ့ အထိ သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိကာ လူဦးရေ ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ပွဲမဖြစ်သည့် တခြားမြို့နယ်များတွင်လည်း ဒေသခံ အရပ်သားများကို စစ်ဆေးဖမ်းဆီးမှုများ၊ ကုန်းလမ်း၊ ရေလမ်းများအပြင် ရွာချင်းဆက်လမ်းများကိုပါ သွားလာခွင့်များ ပိတ်ပင်ထားပြီး လုံခြုံရေး တိုးချထားခဲ့သည်။ 

ယင်းသို့ပိတ်ဆို့ထား၍ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ၊ အရေးပေါ် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ၊ ထောက်ပံ့ပစ္စည်းများလွှဲပြောင်းပေးမှုများကို ရပ်ဆိုင်းထားရသည်ဟုလည်း UN OCHA က ဆိုသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ စစ်တွေ နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ AA ထိမ်းချုပ်ရာဒေသများကို  စစ်တပ်က လက်နက်ကြီးများနှင့် တရစပ်ပစ်ခတ်ခဲ့သည်ဟုလည်း UN OCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (NN-7)

ဓာတ်ပုံ - Ko Maung BU

ဆက်စပ် သတင်းများ