တိုက်ပွဲသတင်း

နမ္မချီးအထိုင်ချတပ်စခန်းကို KIA က ထပ်မံတိုက်ခိုက်သိမ်းပိုက်

မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအုပ်စု နမ္မချီးကျောက်စိမ်းမှော် ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နိုဝင်ဘာလ ၁၉ ရက်နေ့ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အား ၆၀ ကျော်လောက်နဲ့ နမ္မချီးကျောက်စိမ်းမှော်ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း ၃၅ တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ မော်ဟန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

စနေ့ညကစပြီးတော့ KIA ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဟုတ်တယ်။ မနေ့ကတော့ တပ်စခန်းကိုပါ အပြီးအပိုင် ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ အဲဒီစစ်ကောင်စီတပ်စခန်းက နန့်ခီမှော်တစ်ကျောကို ထိန်းချုပ်ထားတဲ့ တပ်စခန်းဖြစ်တယ်။ ပြီးရင် အဲတပ်စခန်းက ခိုင်ခိုင်မာမာနဲ့ ဆောက်ထားတယ်။ ရဟတ်ယာဉ်တောင်ဆင်းလို့အနေအထားမှာရှိတယ်လို့ပြောပါတယ်။

နမ္မချီးစစ်ကောင်စီတပ်စခန်းကို စစ်ကောင်စီတပ်ဟာ တပ်စခန်းအတွင်း လေယာဉ်ကွင်းအပါဘန်ကာကတုတ်ကျင်းနဲ့ ခိုင်ခိုင်မာမာတပ်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး နမ္မချီးကျောက်စိမ်းမှော်ဒေသကို ထိန်းချုပ်ထားတဲ့ အရေးပါတပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

နမ္မချီးစစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်က လက်နက်ပစ္စည်းများနဲ့အတူ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာတွေရှိသလို လက်နက်ခဲယမ်းအနည်းငယ်နဲ့ ဆန်အိတ် ၅၀ ဝန်းလောက်ကို KIA က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ – ၂၀၁၂ ဝန်းကျင်လောက်ကနေ နမ္မချီးကျောက်စိမ်းမှော်ဒေသကို ထိန်းချုပ်ဖို့ရန် တပ်ချနေထိုင်ခဲ့တာဖြစ်ပြီး ဆယ်နှစ်တစ်ခုအကြာမှာတိုက်ခိုက်ခံရတာကြောင့် လက်ရှိမှာ KIA က တပ်စခန်းအတွင်း ဘက်ဟိုးတွေနဲ့ ရှင်းလင်းရေးလုပ်ဆောင်ပြီးတော့ တပ်ချနေထိုင်ထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

နမ္မချီးမှော်ဟာ မော်ဟန်ကျေးရွာရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျောက်စိမ်းမှော်တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၆ – ၂၀၀၈ ခုနှစ်တွေမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေအများအပြား လုပ်ဆောင်ခဲ့ကြတဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း မော်ဟန်ဒေသခံတွေက ပြောပြပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီတပ်ဘက်နေ အခိုင်အမာတပ်ချနေထိုင်ထားတဲ့ စစ်ကောင်စီရဲ့ စစ်ဗျူဟာမြောက်တဲ့ တပ်စခန်းတစ်ချို့ကို KIA က ယခုနှစ်အတွင်းထဲမှာ စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်သိမ်းပိုက်တာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button