အင်တာနက်တွင် မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုခြင်းများကို ၂၄ နာရီလုံး စောင့်ကြည့်အရေးယူရန် စစ်​ကောင်စီ ​​​ဆောင်ရွက်

001

(မဇ္စျိမ) ။ ။ အင်တာနက်ပေါ်တွင် မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများကို နည်းပညာကျွမ်းကျင်​သော ပညာရှင်များပါဝင်သည့် အဖွဲ့ဖွဲ့စည်းကာ၂၄ နာရီလုံးစောင့်ကြည့်ပြီး အရေးယူနိုင်​ရေး စစ်ကောင်စီက ဆောင်ရွက်​နေကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။

အင်တာနက်​ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊ မဖွယ်မရာများတင်ခြင်း၊ နိုင်ငံ​ရေးအရတိုက်ခိုက်​ပြောဆိုခြင်းများအ​ပေါ် ဥပ​ဒေ​ကြောင်းအရ တားမြစ်အ​ရေးယူ​ဆောင်ရွက်နိုင်​ရေး ​ခေါင်းစဥ်ဖြင့် ကော်မတီတရပ်ကို စစ်​ကောင်စီက ပြီးခဲ့သည့် ဒီဇင်ဘာလလယ်က ဖွဲ့စည်း​ခဲ့​ပြီး ထိုသို့​ဆောင်ရွက်ရန် တာဝန်​ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ​​ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဉက္ကဌအဖြစ် ဦးဆောင်ပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုညွှန်ချုပ်၊ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၂)၊ ဗဟိုဘဏ် ညွှန်ချုပ်တို့အပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၁၁ ဦးပါဝင်သည်ကို ​တွေ့ရသည်။

ထိုသို့​ ပိုစ့်တင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ မျှဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်းများအပေါ် နည်းပညာအရ ရှာဖွေဖော်ထုတ်ပြီး တားမြစ်ရန်၊ ကျူးလွန်သူများအား တည်ဆဲဉပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ​နိုင်ရေး ​ဆောင်ရွက်ရန် ကော်မတီ၏ လုပ်ငန်းတာဝန်အဖြစ် သတ်မှတ်ထား​ကြောင်း သိရသည်။

အင်တာနက်ပေါ်ရှိ သတင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က အဖွဲ့ဖွဲ့စည်းကာ တန်ပြန်ဆောင်ရွက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ကော်မတီ၏ တာဝန်တွင် “ကျူးလွန်သူများ အသုံးပြုလျက်ရှိသော တယ်လီဖုန်းနံပါတ်များ ပိတ်သိမ်းနိုင်ရေး၊ ငွေရေးကြေးရေး ကိစ္စရပ်များအတွက် ၎င်းတို့ အသုံးပြုလျက်ရှိသော ဘဏ်အကောင့်များ၏ အချက်အလက်များ၊ ငွေသွင်းငွေထုတ်မှတ်တမ်းများရယူခြင်းနှင့် ဘဏ်အကောင့်များ ယာယီတားဆီးခြင်းပြုလုပ်နိုင်ရေး ပို့၊ ဆက်ဝန်ကြီးဌာန ၊ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်” ဟုလည်း ပါရှိသည်။

ထို့ပြင် ​ကော်မတီအ​နေဖြင့် အဆိုပါ ကျူးလွန်မှုများအပေါ် သက်ဆိုင်ရာ ဌာန ၊ အဖွဲ့အစည်းများက တားမြစ်ပေးရန် ကန့်ကွက်စာ ၊ အကြောင်းကြားစာပေးပို့ခြင်း၊ကျူးလွန်သူများကို သက်ဆိုင်ရာ ဌာန ၊ အဖွဲ့အစည်းများက တရားစွဲဆို အရေးယူရန် အကြောင်းကြားခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ညစ်ညမ်းသည့် အပြောအဆို ၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့် ပတ်သက်ပြီး ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

အာဏာသိမ်းပြီး​နောက် လူမှုကွန်ရက်စာမျက်နှာများတွင် စစ်ကောင်စီအား ဝေဖန်ဆန့်ကျင်ရေးသားသူများ နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံနေရသည်ကို စစ်ကောင်စီ ဝါဒဖြန့် နေ့စဉ်ထုတ်သတင်းစာများတွင် တွေ့ရပြီး အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်း သတင်းဌာန ၁၀ ခုကျော်နှင့် စာပေတိုက်နှင့် ပုံနှိပ်တိုက် ငါးခုထက်မနည်းလည်း လိုင်စင်ပိတ်သိမ်းခံထားရသည်။